တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်မှုကို သဘောမတူဘဲ ကန့်ကွက်သွားမည်ဖြစ်ကြောင်း ထောက်ခံနေသည့် မြန်မာ၊ ကိုရီးယား၊ တရုတ်လုပ်ငန်းရှင်များ
မြန်မာနိုင်ငံအနေဖြင့်
တစ်ရက်အနည်းဆုံးအခကြေးငွေ တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ပါက
လာမည့်စက်တင်ဘာလတွင် စက်ရုံပိတ်သိမ်း၍ အိမ်ပြန်ကြမည်ဖြစ်ကြောင်းဖြစ်ကြောင်း
တရုတ်နှင့် ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များက ဇူလိုင် ၂
ရက်တွင်ပြုလုပ်သည့် အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏အစည်းအဝေးတွင်
ခြိမ်းခြောက်ပြောကြားမှုပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် အနည်းဆုံးအခကြေးငွေကို ကျပ် ၃၆၀၀ သာသတ်မှတ်လိုက်ပါက လာမည့်စက်တင်ဘာလတွင် စက်ရုံများပိတ်သိမ်း၍ အိမ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများ လာရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများရင်းနှီးမြှုပ်နှံမှုအဖွဲ့ကိုယ်စား Myanmar Apparel Co,Ltd နှင့် Pearl Garment မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်စန္ဒာက ဦးစွာပြောကြားသည်။
ထိုပြောဆိုမှုအပြီးတွင် ကိုရီးယားလုပ်ငန်းရှင်များကလည်း တရုတ်အထည်ချုပ်စက်ရုံများပိတ်သိမ်းအပြီးတွင် ၎င်းတို့၏စက်ရုံများကိုလည်း ပိတ်သိမ်းသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့မပိတ်သိမ်းခင်အခြေအနေ၌ ဆူပူမှုများ၊ ဆန္ဒပြမှုများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ဆွေးနွေးပွဲတွင်ပြောကြားသည်။
အဆိုပါပွဲအပြီးတွင် တရုတ်နိုင်ငံသားရင်းနှီးမြှုပ်နှံသူများအသင်းက အထည်ချုပ်အသင်းကိုလိပ်မူ၍ အလုပ်သမား အခြေခံလစာ ၃၆၀၀ နှင့်ပတ်သက်၍လည်း သဘောမတူညီမှုအဆိုပြုစာကို ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် "ကျွန်ုပ်တို့ (ပြည်မကြီးတရုတ်၊ ဟောင်ကောင်နှင့် ထိုင်ဝမ်) မှ မြန်မာနိုင်ငံသို့လာရောက်ရင်းနှီးမြှုပ်နှံသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမှု အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသည် လူထုများပြားခြင်း၊ တတိယမြောက်နိုင်ငံသို့ ပို့ကုန်တင်ပို့လျှင် အခွန်ကင်းလွတ်ခြင်းအကြောင်းအရင်းကြောင့် ဖြစ်ပါသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံသူနှင့် မြန်မာနိုင်ငံသားများအလုပ်ရရှိရေး နှစ်ဦးနှစ်ဖက်အကျိုးရှိခြင်းတစ်ရပ်ကို အခြေခံပြု၍ လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပါသည်။ သို့သော်လည်း ဇွန် ၂၉ ရက်က အစိုးရမှထုတ်ပြန်သော အလုပ်သမားအခြေခံ အနိမ့်ဆုံးလစာမှာ တစ်ရက်လျှင် ၃၆၀၀ ကျပ်ကို သိရသောအချိန်တွင် လန့်ဖြန့်ခဲ့ပါသည်" ဟုဖော်ပြခဲ့သည်။
ဆက်လက်၍ "အကယ်၍ အလုပ်သမားစွမ်းဆောင်နိုင်ရည် တိုးမြင့်မှုမရှိသေးသော အချိန်ကာလအတွင်း နိုင်ငံတော်အစိုးရမှ တစ်သမတ်တည်း အခြေခံလစာကို ၃၆၀၀ ကျပ်ဖြင့် သတ်မှတ်လိုက်မည်ဆိုပါက အော်ဒါများလျှော့ပေါ့သွားမည့်အပြင် စက်ရုံများမှ အော်ဒါမရရှိသောကြောင့် အလုပ်သမားဦးရေလျှော့ချပြီး လုပ်ငန်းချဲ့ထွင်မှုကိုလည်း ရပ်တန့်စေပါမည်။ ထို့အပြင် စရိတ်မြင့်တက်မှုကြောင့် လုပ်ငန်းမလည်ပတ်နိုင်ပြီး အချို့သောစက်ရုံများသည်လည်း ပိတ်သိမ်းလိုက်ရမည့်အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်ပါသည်" ဟုဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည့် တရုတ်အထည်ချုပ်စက်ရုံ ၃၀ ခန့်နှင့် ကိုရီးယားအထည်ချုပ်စက်ရုံ ၆၀ ကျော်ခန့်ရှိနေပြီး တရုတ်စက်ရုံများတွင် မြန်မာလုပ်သား ၇၀၀၀၀ ခန့်နှင့် ကိုရီးယားစက်ရုံများတွင် မြန်မာလုပ်သား တစ်သိန်းလေးသောင်းခန့် လုပ်ကိုင်နေပြီး စုစုပေါင်းအလုပ်သမားနှစ်သိန်းခန့်မှာ အလုပ်အကိုင်ဆုံးရှုံးမည်ဖြစ်ကြောင်း၊ ထိုသို့သောအခြေအနေဖြစ်သွားမည်ကို စိုးရိမ်ပါကြောင်း ဒေါ်စန္ဒာကပြောကြားသည်။
ထို့ပြင် အနည်းဆုံးလုပ်အားခ ၃၆၀၀ ကျပ်သတ်မှတ်လိုက်၍ စက်ရုံပိတ်ကာပြန်ရပါက အစိုးရ၏လုပ်ဆောင်ချက်သာဖြစ်ပြီး မြန်မာလုပ်သားများကို သုံးလစာနစ်နာကြေးပေးနိုင်မည်မဟုတ်ကြောင်း တရုတ်လုပ်ငန်းရှင်များကဆိုသည်။
လက်ရှိသတ်မှတ်သည့် အနိမ့်ဆုံးလုပ်ခလစာကို ကျပ် ၃၆၀၀ သတ်မှတ်မှုအပေါ် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အသင်းဝင် ၁၄၅ ဦးက လာမည့်နှစ်ပတ်အတွင်း ကန့်ကွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ လက်ရှိသတ်မှတ်လိုက်သည့် ကျပ် ၃၆၀၀ ဆိုသည်မှာ အာဆီယံနိုင်ငံများတွင် မြန်မာကဲ့သို့ ဖွံ့ဖြိုးမှုနည်းပါးသည့် ကမ္ဘောဒီးယားနိုင်ငံထက်ပင် နည်းပါးနေသည့် နှုန်းထားဖြစ်နေကြောင်းနှင့် လက်ရှိကန့်ကွက်ရသည်မှာလည်း မပေးချင်၍မဟုတ်ဘဲ မပေးနိုင်၍သာ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဦးမြင့်စိုးကပြောကြားသည်။
အထည်ချုပ်လုပ်ငန်းရှင်များက ကျပ် ၃၆၀၀ ကိုမပေးနိုင်ဘဲ ကျပ် ၂၅၀၀ သာ ပေးမည်ဆိုခြင်းနှင့် ကျပ် ၃၆၀၀ သာသတ်မှတ်ပါက စက်ရုံများပိတ်သိမ်းမည်ဆိုသည်မှာ ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံရှိ အလုပ်သမားများတွင်လည်း ကျပ် ၃၆၀၀ ကို နည်းပါးသည့်အတွက် မကျေနပ်သည့်လုပ်သားများနှင့် သမဂ္ဂများရှိနေကြောင်း၊ လက်ရှိအချိန်တွင် အလုပ်သမားသမဂ္ဂများအနေနှင့် အနည်းဆုံးလုပ်ခကို ဆွေးနွေးမှုများပြုလုပ်၍ သတင်းစာရှင်းလင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။
"လတ်တလောမှာ အထည်ချုပ်လုပ်ငန်းရှင်တွေ၊ CMP လုပ်ငန်းရှင်တွေက တစ်နေ့ကို ၂၅၀၀ ပဲပေးမယ်။ ၃၆၀၀ မပေးနိုင်ဘူး။ ၃၆၀၀ ပေးရင် စက်ရုံပိတ်ပြီးအိမ်ပြန်မယ်ဆိုတာ ခြိမ်းခြောက်မှုတစ်ခုပေါ့။ အဲဒီကိစ္စက ပြောစရာအများကြီးပါ။ မြန်မာနိုင်ငံမှာ လုပ်ငန်းအများကြီးရှိပါတယ်။ ရာနဲ့ချီပြီးတော့ လုပ်ငန်းအမျိုးအစားတွေ အများကြီးရှိပါတယ်။ အဲဒီမှာ လုပ်သားပေါင်းက သန်း ၂၀ ကနေ သန်း ၃၀ လောက်ရှိတယ်။ အဲဒီအထဲမှာမှ CMP အထည်ချုပ်လုပ်ငန်းကဏ္ဍမှာလုပ်နေတဲ့သူက နှစ်သိန်းလောက်ရှိတယ်။ အဲဒီလိုရှိတဲ့အခါကျတော့ အထည်ချုပ်လုပ်ငန်းရှင်တွေရဲ့ ကန့်ကွက်မှုကြောင့် တစ်နိုင်ငံလုံး တစ်ပြေးညီ လုပ်ခသတ်မှတ်မှုမှာ တခြားလုပ်သားတွေ ထိခိုက်သွားနိုင်တယ်။ အခု ၃၆၀၀ ကိုတောင် လက်မခံနိုင်တဲ့လုပ်သားတွေ အများကြီးရှိတယ်။ မပေးနိုင်ရင် ဘယ်လိုပေးနိုင်အောင် လုပ်မယ်ဆိုတာမျိုးပဲလိုချင်ပါတယ်။ ငါတို့မပေးနိုင်ဘူး။ မပေးနိုင်တဲ့အတွက် စက်ရုံပိတ်မယ်၊ မင်းတို့အလုပ်အကိုင်အခွင့်အလမ်းမဲ့သွားမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ မခြိမ်းခြောက်ပါနဲ့" ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။
ဇူလိုင် ၂ ရက်တွင် မြန်မာနိုင်ငံ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရေးကော်မတီက ထုတ်ပြန်ခဲ့သည် တစ်ရက်လုပ်ခကျပ် ၃၆၀၀ သတ်မှတ်ချက် ထုတ်ပြန်မှုပေါ်တွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ဦးဆောင်၍ ကန့်ကွက်ရန် ဆွေးနွေးပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ကန့်ကွက်သည်ဆိုသော်လည်း မြန်မာနိုင်ငံအတွင်း အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေသည့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များအားလုံးကို ကိုယ်စားပြုနိုင်ခဲ့ခြင်းမရှိဘဲ မြန်မာ၊ တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် ကိုရီးယားနိုင်ငံရှိ လုပ်ငန်းရှင် ၁၄၅ ဦးသာ ယခုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသည့် အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူ ၃၀၀ ကျော်အထိရှိနေပြီး လက်ရှိကန့်ကွက်ပွဲသို့ လုပ်ငန်းရှင် ၁၄၅ ဦးသာ တက်ရောက်ခဲ့သည့်အတွက် အထည်ချုပ်လုပ်ငန်းရှင်များအားလုံးကို ကိုယ်စားမပြုဘဲ ယခုကန့်ကွက်ပွဲသို့တက်ရောက်သည့် လုပ်ငန်းရှင် ၁၄၅ ဦးကိုသာ ကိုယ်စားပြုကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် တစ်နာရီလုပ်အားခ ကျပ် ၄၅၀ ဖြစ်သည့် တစ်နေ့လုပ်အားခ ကျပ် ၃၆၀၀ (သုံးဒေါ်လာကျော်ခန့်) သတ်မှတ်မည်ဆိုသည့်အပေါ် မပေးနိုင်ကြောင်း ကန့်ကွက်နေသော်လည်း မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံတွင် ကိုးဒေါ်လာခန့်ဖြစ်သည့် ဘတ် ၃၀၀၊ ဗီယက်နမ်နိုင်ငံတွင် ဒေသအလိုက် လေးခုခွဲ၍ တစ်ရက်လုပ်အားခ ငါးဒေါ်လာခန့်သတ်မှတ်ထားပြီး မလေးရှားနိုင်ငံတွင် မြန်မာငွေ ကျပ် ၂၈၀,၀၀၀ ခန့်နှင့် ညီမျှသည့် ရင်းဂစ် ၉၀၀ ကို တစ်လလုပ်အားခအဖြစ်သတ်မှတ်ထားသည်။ မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံသည့် အထည်ချုပ်လုပ်ငန်းရှင်များအပါအ၀င် ပြည်ပလုပ်ငန်းရှင်များမှာ ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ကုန်စည်များတင်ပို့ရာတွင် ကုန်သွယ်မှုအထူးအခွင့်အရေးများအပါအ၀င် ခံစားခွင့်များရရှိနေသည်။ ထိုသို့ ရရှိနေသည့်အတွက် မြန်မာနိုင်ငံအတွင်းသို့ လက်ခစားအထည်ချုပ်လုပ်ငန်းလုပ်ကိုင်ရန် ပြည်ပရင်းနှီးမြှုပ်နှံမှုများ လစဉ်ဝင်ရောက်နေသည်။

Writer:
ဖြိုးဝေ၊ ဇော်ဝေ news-eleven