WELCOME !
Sunday, June 28, 2015
သူရ မချစ်ပို
၁၉၅၀ ခုနှစ် သူရ မချစ်ပိုအကြောင်း..
“သူရ” ဟူသောဝေါဟာရက သူရဲကောင်းစစ်သည်တို့ကို ချီးမြှင့်လေ့ရှိသော ဘွဲ့ထူးဂုဏ်ထူးတစ်ခု။ “မချစ်ပို” ဆိုသောစကားစုလေးက နုနယ်သောနှလုံးသားပိုင်ရှင် မိန်းကလေးတစ်ဦး၏ အမည်နာမ လှလှလေးတစ်ခု။

သို့ရာ တွင် မိန်းမလှလေးတစ်ဦး၏ နှလုံးသွေးက သူရဲကောင်းအာဇာနည်
ယောက်ျားတို့ကဲ့သို့ပင် ရဲရဲ နီဆွေးလျက် သမိုင်းဝင်တေးတစ်ပုဒ်ကို
ရေးထုတ်လိုက်နိုင်သောအခါ -
“သူရ မချစ်ပို” ဟူ၍ မော်ကွန်းတင်ခံရလေတော့သည်။
၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ကေအင်ဒီအိုအဖွဲ့များသည် မေမြို့ (ပြင်ဦးလွင်မြို့)ကို အလစ် အငိုက် စီးနင်းသိမ်းပိုက်လိုက်နိုင်ခဲ့သည်။ ထိုစဉ်က မေမြို့ရှိ အမှတ် (၁) စစ်မြေပြင် အင်ဂျင်နီ ယာတပ်ခွဲ (ဘီအီး) နှင့် အမှတ် (၂) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲတို့မှ အရာရှိစစ်သည်များသည် ဗိုလ်မှူးထင်ပေါ် နှင့် ဗိုလ်ကြီးဘဖြူ တို့၏ ခေါင်းဆောင်မှုဖြင့် ရသမျှလက်နက်ခဲယမ်းများ သိမ်းဆည်းပြီး လားရှိုးဘက်သို့ ဆုတ်ခွာ သွားခဲ့ကြသည်။
ဆုတ်ခွာသွားသောတပ်များသည် လားရှိုးဘက်တွင် ပြန်လည်စုဖွဲ့ပြီး မေမြို့သို့ ပြန်လည်ချီတက်ခဲ့သည်။ ရေချမ်း အိုးဘက်တွင် တိမ်းရှောင်နေကြသော ဘီအီးတပ်မှ အရာရှိ စစ်သည်များ နှင့် ကျန်တပ်ပေါင်း စုံမှတပ်ဖွဲ့ဝင်များလည်း ဘီအီးတပ်တွင် လာရောက်စုပေါင်းခဲ့ကြသည်။ သို့ဖြင့် ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် မေမြို့ကို ပြန်လည်တိုက်ခိုက်ရာ ဘီအီးတပ်ကုန်း (ယခု အင်ဂျင်နီယာတပ်) နေရာကို ပြန်လည်ရရှိပြီး လက်နက်ခဲယမ်းများကိုပါ ရရှိလိုက်သည်။ မြို့တွင်း ဆက်လက်တိုက်ခိုက်သောတပ်ဖွဲ့များသည်လည်း မေမြို့-လားရှိုး လမ်းတစ်လျှောက် မြို့မရုပ်ရှင်ရုံထိ သိမ်းပိုက်လိုက်နိုင်ခဲ့သည်။
အင်ဂျင်နီယာတပ်မှ ဦးဆောင်ကာ မေမြို့ကို ပြန်လည်တိုက်ခိုက်ခဲ့သော ဖေဖေါ်ဝါရီလ ၂၄ ရက်ကို အင်ဂျင် နီယာ တပ်ဖွဲ့နေ့ အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခြင်းခံခဲ့ရပေသည်။
ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် ခြေကုတ်စခန်းများရရှိပြီး ဆက်လက်ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ မြို့တွင်း တိုက်ပွဲသဏ္ဍန်ဖြစ်ခဲ့သည်။ တစ်ဖက်နှင့်တစ်ဖက် ခြေကုတ်စခန်းများကို အားပြုပြီး အဖွဲ့ငယ်များလွှတ်ကာ အပြန် အလှန် တိုက်ခိုက်ကြခြင်းဖြစ်သည်။ လေ့ကျင့်မှုမရှိသော အရပ်သားများမှာလည်း ရရာ လက်နက် စွဲကိုင်ပြီး တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် ခက်ခဲသောကိစ္စတစ်ခုမှာ ရန်သူ့ သတင်းေ ထာက် လှမ်းရေးဖြစ်သည်။ ဤတာဝန်ကို ယူလိုက်သူမှာ “မချစ်ပို” ဆိုသော မိန်းကလေးပင် ဖြစ်ပါ သည်။
မချစ်ပိုသည် စင်စစ်မေမြို့သူမဟုတ်ပါ။ ၁၉၀၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ထားဝယ်မြို့တွင်ကြီးပြင်းခဲ့သည်။ မောင်လေးဖြစ်သူတစ်ဦးမှာ ဘီအီးတပ်ထဲသို့ ၀င်သွားသည်ဟု ကြားရသဖြင့် လိုက်ရှာရင်း မေမြို့ရှိ ဦးကြွယ်-ဒေါ်ပုတို့ အိမ်တွင်နေဖြစ်သွားသည်။ ဦးကြွယ်တို့နှင့်ရင်းနှီးသော ဘီအီးတပ်မှ တပ်ကြပ် လှမောင်နှင့် အိမ်ထောင်ပြုလိုက်သည်။ တပ်ကြပ်လှမောင်မှာ စားရေးသောက်ရေး တာဝန်ယူ ရသောေ ကြာင့် ထမင်းချက်လှမောင်ဟု လူသိများခဲ့သည်။
မချစ်ပိုသည် ထားဝယ်သူပီပီ စကားပြောလျှင် အသံဝဲ၀ဲလေးနှင့် ချစ်စရာကောင်းလှသည်။ အသား ကမဖြူ မညို မျက်နှာကလေး ထောင့်စပ်စပ်၊ အရပ်အမောင်းက ငါးပေ သုံးလက်မခန့်ရှိသည်။ စကားပြောလျှင် ခပ်ပြတ်ပြတ်ပြောတတ်ပုံက လုပ်စရာရှိလျှင်လည်း ပြတ်ပြတ်သားသားလုပ်မည့် သဘောကို ဖော်ပြနေ သည်။
မချစ်ပို၏ယောက်ျားဖြစ်သူ တပ်ကြပ်လှမောင်သည် ထမင်းချက်တာဝန်ယူထားသော်လည်း အခြေ အနေေ ပး လျှင် တိုက်ခိုက်သည့်အဖွဲ့ထဲပါသွားပြန်သည်။ ထိုစဉ်က အင်ဂျင်နီယာတပ်ဖွဲ့များက လေ့ကျင့်ရေး တပ်ကုန်း မှနေ၍ ရင်ဆိုင်ထားသည်။
တစ်ဖက်နှင့်တစ်ဖက် အဖွဲ့ငယ်များဖြင့် အပြန်အလှန်သွားရောက်ပစ်ခတ်ကြရင်းမှ တစ်နေ့တွင် တပ်ကြပ် လှမောင် အား သေနတ်မှန်ပြီး ဒဏ်ရာရလာခဲ့သည်။ ဤတွင် တပ်ကြပ်လှမောင်၏ ဇနီးဖြစ်သူ မချစ်ပိုမှာ မခံချင် စိတ်များ တဖွားဖွားပေါ်လာခဲ့သည်။ “ငါ့လင်ကို မှန်အောင်ပစ်တဲ့သူတွေကို ငါကိုယ်တိုင်ပြန်ချမယ်”
မချစ်ပိုသည် လင်ကိုထိ၍ သွေးရူးသွေးတန်းထပြီး တိုက်ပွဲဝင်သူမဟုတ်ပါ။ နဂိုကတည်းက တည်ငြိမ်ပြတ် သားသော သဘာဝရှိသည့်အလျောက် သူမနှင့် ကိုက်ညီမည့် အလုပ်ကို လက်ခံ လိုက်ခြင်းသာဖြစ်သည်။
“ကဲ - မချစ်ပို ခင်ဗျားတာဝန်ယူနိုင်မယ်ဆိုရင် ခင်ဗျားကို မိန်းမထောက်လှမ်းရေး လုပ်ခိုင်းရမှာပဲ၊ ရန်သူရဲ့ လက် နက်ကြီးတွေ၊ စက်သေနတ်တွေ ပစ်တဲ့နေရာကို ကျွန်တော်တို့ သိချင်တယ်။ ခက်တာက ဘီအေဒီတီ ကုန်းဘက်ကို ထွက်လိုက်ရင် ယောက်ျားမှန်သမျှကို ရန်သူက ဖမ်းတယ်၊ ပစ်တယ်။ ခင်ဗျားတို့ မိန်းမတွေ ကျတော့ ဟိုဘက်ဒီဘက်ကူးပြီး ဈေးရောင်းနေကြတာ တွေလည်းရှိတော့ ရိပ်မိမှာမဟုတ်ဘူး၊ မချစ်ပို ဘယ်လို သဘောရသလဲ”
“ဖြစ်ပါတယ် စစ်သားမယားဟာ စစ်သမီးဘဲပေါ့၊ ရန်သူကအရေးသာသွားရင် တိုင်းပြည်ပြိကွဲသွားနိုင်တယ်၊ ဒီတော့ တတ် သမျှ ရန်သူအင်အားလျော့နည်းအောင် လုပ်ရမယ်၊ ကျွန်မကို ဓားတိုတချောင်းပေးပါ၊ ပြီးေ တာ့ လက်ပစ်ဗုံး လဲပေးထား၊ ကျွန်မကို ကိုလှမောင် သင်ပေးထားလို့ လက်ပစ်ဗုံးကောင်းကောင်း ပစ်တတ် ပါ တယ်”
သို့နှင့် နုနယ်လှပသော မချစ်ပိုလေးသည် အာဇာနည်သူရဲကောင်းစိတ်မျိုးဖြင့် တိုက်ပွဲဝင် ခဲ့လေတော့ သည်။
မချစ်ပိုသည် ကေအင်ဒီအိုများ တပ်စွဲထားသော လေ့ကျင့်ရေးတပ်ကုန်း၊ ဆေးတပ်ကုန်းများဘက်သို့ နည်း အမျိုး မျိုးဖြင့် ၀င်ရောက်ကာ ရန်သူသတင်း ထောက်လှမ်းရေးကို လုပ်ဆောင်ခဲ့ လေသည်။ မချစ်ပိုသည် ခမောက် တစ်လုံးဆောင်း၊ တုတ်တစ်ချောင်းကိုင်ကာ နွားကျောင်းသူယောင်ဆောင်၍ သွားခဲ့သည်။ နွားလေး ငါး ဆယ်ကောင် ပါသဖြင့် လည်း သူမကို နွားကျောင်းနေသည်ဟုသာ ရန်သူကထင်နေခဲ့သည်။
မိန်းမသားတစ်ဦး၏မာယာကို တိုင်းပြည်အတွက် အသုံးချလိုက်သောအခါတွင်လည်း အင်ဂျင်နီ ယာတပ်ဖွဲ့ဝင် စစ်သည်မိသားစုတို့၏ စွန့်လွှတ်စွန့်စား တိုက်ခိုက်မှုများဖြင့် ပြည်ထောင်စုတည်တံ့ ခိုင်မြဲရေး အတွက် လုပ်ဆောင်ချက်များက သမိုင်းမော်ကွန်းတင် ကျန်ရစ်ခဲ့ရပေသည်။
မချစ်ပိုသည် နွားကျောင်းရင်းဖြင့် ရန်သူလက်နက်ကြီး ပစ်ကူနေရာများ၊ စက်သေနတ်ချထားသည့် နေရာ များ ကို မှတ်လာခဲ့သည်။ တစ်ခါတစ်ရံတွင်လည်း ရန်သူအဖွဲ့ငယ် သုံးလေးဦးနှင့်တွေ့၍ အခွင့်သာသည့် အခါ မျိုး တွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်သောကြောင့် ရန်သူတွေအတော်အထိနာလာခဲ့၏။ ထိုထက်ပို၍ ခံစားရ သည်မှာ မိန်းကလေးတစ်ဦး မိုးပေါ်ကကျလာသလို ပေါ်ပေါက်လာပြီး တိုက်ခိုက် ခံရဖန်များ လာသော အခါ ရန်သူတွေစိတ်ဓာတ်ချောက်ချားမှု ဖြစ်လာရခြင်းပင်။ ဗုံးကွဲသံကြား၍ထလိုက် ပြန်လျှင် လည်း မချစ်ပိုကို မီလိုက်သည်ဟူ၍မရှိ။ ကိုယ်ယောင်ဖျောက်ပြေးသည်ဟု ထင်နေကြ၏။ ဤသို့နှင့် မချစ်ပို ၏ အကူအညီဖြင့် ရန်သူအတော်များများကို ထိခိုက်ကျဆုံးစေခဲ့၏။
လက်ယဉ်လာပြီဖြစ်သော မချစ်ပို၏ သွေးတို့က ပို၍နီမြန်းလာ၏။ မချစ်ပို တစ်ဆင့်တက်၍ အရေးဆို လာပြန်၏။
“ကျွန်မ လုံခြည်ကြီးနဲ့ သွားလာရတာ လှုပ်ရှားလို့ သိပ်မလွယ်ဘူး၊ ကျွန်မဘောင်းဘီဝတ်မယ်၊ ပြီးတော့ လက်ပစ် ဗုံး က နေရာတိုင်းသုံးလို့မရဘူး၊ သေနတ်နဲ့ဆိုပိုကောင်းမယ်၊ နေ့ဘက်မှာ ကျွန်မ ထောက်လှမ်း ထားတဲ့နေရာတွေကို ညဘက်မှာ ကျွန်မရှင်တို့နဲ့အတူ လိုက်တိုက်မယ်”
မချစ်ပို၏ တင်ပြချက်ကို ရဲဘော်များက ဗိုလ်ကြီးဘဖြူထံ ဆက်၍သတင်းပို့ပေးလိုက်သည်။ ရိုင်ဖယ်နှ င့်တော့ မကောင်းပါဘူးဟုဆိုကာ ခြောက်လုံးပြူးထုတ်ပေးလိုက်သည်။
မချစ်ပိုပါဝင်သောအဖွဲ့မှာ ညတိုက်ပွဲများ ဆင်နွှဲကြပြန်သည်။
ကေအင်ဒီအိုအဖွဲ့မှာ အထိနာလျက်ရှိသည်။ ထောက်ပံ့ရေးကုန်းကို ၀င်စီးသောညတွင်ကား မချစ်ပိုကို ထိမှန်ေ လေ တာ့သည်။
နေ့ခင်းဘက်က မချစ်ပိုဝင်ရောက်ထောက်လှမ်းထားသော လက်နက်ကြီးနေရာများကို မိမိတပ်ဖွဲ့မှ နောက် ပိုင်း မှ မော်တာဖြင့်ပစ်ပြီး ဦးနှိမ်ပေးထားသည်။ မချစ်ပိုတို့အဖွဲ့က ရန်သူခံစစ်စည်းထဲသို့ အတင်း ထိုးဖောက် ၀င်ရောက်သွားကြသည်။ ရန်သူတွေ ခေါင်းမထောင်ဘဲ ဖြစ်နေချိန်တွင် မိမိစစ်သည်များက လှံစွပ်ဖြင့် တက်ထိုးဖို့ ကြိုးပမ်းကြသည်။ မချစ်ပိုက လက်မခံ။
“ကျွန်မလက်ပစ်ဗုံးနဲ့သွားထုမယ်” ဆိုပြီး လှိမ့်မှောက်ကာချဉ်းကပ်သွားခဲ့သည်။ မချစ်ပိုအပစ်မခံရအောင် စစ်သည် များက ကာပစ်ပစ်ပေးရင်း ယောင်ပြလှုပ်ရှားမှုများ ပြုလုပ်ပေး ကြသည်။ ရန်သူ့စက်သေ နတ်သံများ ရပ်စဲသွားသည်။ မချစ်ပို လက်စွမ်းပြခဲ့ပြန်ပေပြီ။
ပြန်အထွက်တွင် မချစ်ပိုကို လှိမ့်မှောက်ပြီး ဆုတ်ခဲ့ရန် ပြောသော်လည်း နားမထောင်၊ မတ်တတ်ရပ်ပြီး ပြန် လာ ခဲ့သည်။ ရန်သူ့သေနတ်သံ တစ်ချက်ထွက်ပေါ်လာပြီး မချစ်ပို ဗိုက်ကို လက်နှင့် ဖိကာလဲကျ သွားလေသည်။
မချစ်ပိုကား သတ္တိကောင်းလှသည်။ ဒဏ်ရာရသည့်တိုင် ညည်းညူခြင်းမရှိ၊ ဗိုက်ကို အ၀တ်ဖြင့် ပတ်ပြီး ဖိထားလိုက် သည်။ ရဲဘော်များ မချစ်ပိုကိုပွေ့ပြီး မြို့ထဲဘက်သို့ ခေါ်သွားကြသည်။ တစ်ယောက်ကပြေး၍ နယူးဆေး တိုက်မှ ဆရာဝန်ကို သွားခေါ်၏။ ဒေါက်တာဘရှင် လိုက်လာပြီး မချစ်ပိုကို ကားဖြင့်တင်ကာ ဆေးတိုက်သို့ခေါ်ပြီး ညတွင်းချင်း ခွဲစိတ်ကုသပေး၏။
ထိုအချိန်တွင် ကေအင်ဒီအိုအဖွဲ့များက မသင်္ကာသဖြင့် ဆေးတိုက်ကို လာစစ်ကြသည်။
“ခုနက ကားနဲ့ထွက်သွားတာ ခင်ဗျားတို့ လူနာသွားတင်တာလား”
“မဟုတ်ပါဘူး၊ လူနာသွားကြည့်ရုံကြည့်တာ၊ မင်းတို့ ပစ်ခတ်နေကြလို့ ငါကြာကြာ မကုရဲတာနဲ့ ပြန်လာ တာ၊ အိမ်ထဲမှာ ငါ့သမီးတွေပဲရှိတယ်၊ မင်းတို့ ရုတ်ရုတ်မလုပ်နဲ့ ပြန်ကြ” ဒေါက်တာဘရှင်က မင်သေေ သဖြင့် ဟောက်လွှတ်သောကြောင့် လက်နက်ကိုင်အဖွဲ့များ ပြန်သွားကြသည်။
မချစ်ပို၏ ဒဏ်ရာကို ဖယောင်းတိုင်မီးဖြင့်ပင် ခွဲစိတ်ကုသပေးကြသည်။ ဒဏ်ရာက ၁၅ ချက်လောက် ချုပ်ရ သည်။ ထို့နောက် မချစ်ပိုသည် ထိုဆေးတိုက်မှာပင် တစ်ပတ်လောက် ပုန်းအောင်းကာ ဆေးကုသ ခံနေခဲ့သည်။ အနာမကျက်သေးမီ မချစ်ပိုက ပြန်ချင်လှပြီဆိုသောကြောင့် ဦးကြွယ်တို့အိမ်သို့ မချစ်ပို ကိုလိုက်ပို့ပေးကြသည်။
ထိုအချိန်က ကေအင်ဒီအိုအဖွဲ့မှ စောဘစံဆိုသူမှာ ထုံးဘိုရပ်ထဲမှ မချစ်ပုဆိုသူကို ယူထားခဲ့သည်။ အရပ် ထဲမှ တခြားမိန်းကလေးများမှာလည်း စောဘစံ နှင့် ချစ်ပု တို့ ဆက်နွှယ်မှုကြောင့် ဖျက်ဆီးခံခဲ့ရသည်။ “ချစ်ပု” မှာ “မချစ်ပို” နှင့် နာမည်နည်းစပ်သော်လည်း စိတ်ဓါတ်ကမနီးစပ်၊ သူမအသက်ရှင်ရပ်တည်မှုကို အခြားမိန်းကလေးများ၏ ဘ၀နှင့်လဲဖို့ ကြိုးစားခဲ့သည်။
“ချစ်ပု” ၏လက်ထောက်ချမှုကြောင့် ရန်သူအဖွဲ့ကို အထိနာအောင်တိုက်ခိုက်ခဲ့သော မိန်းကလေးမှာ မချစ်ပို ဖြစ်မှန်းသိသွားကြသည်။ မချစ်ပို၏ လှုပ်ရှားမှုကို စောင့်ကြည့် နေကြ၏။ ဆေးတိုက်မှဆင်းပြီး ဦးကြွယ်၏အိမ်တွင် ပုန်းခိုနေသော မချစ်ပို၏သတင်းကို ကေအင်ဒီအိုအဖွဲ့ ရသွားကြသည်။ စောဘစံ ခေါင်းဆောင်ပြီး လက်နက်ကိုင် လေးငါးဦးခန့် ဦးကြွယ်အိမ်ရှေ့သို့ ရောက်လာကြသည်။
“ကဲ မချစ်ပို ခင်ဗျားရဲ့ လှုပ်ရှားမှုတွေ အားလုံးကို အတိအကျ သိထားပြီးပြီ၊ ငြင်းဖို့မကြိုးစားပါနဲ့၊ ခင်ဗျားကြောင့် ကျုပ်တို့အဖွဲ့တွေ အတော်အထိနာကုန်ပြီ၊ ဒီတော့ ခင်ဗျား ကျုပ်တို့နောက်ကို လိုက်ခဲ့ပါ”
“အေး ငါလိုက်ခဲ့မယ်”
မချစ်ပိုကား ထွက်ပြေးဖို့ မကြိုးစား၊ ဓားတိုကိုသာ ၀ှက်ပြီးယူလိုက်သည်။ အာဂသတ္တိရှင်ပေ။
ထိုရက်ပိုင်းများမှာ အင်ဂျင်နီယာတပ်ဖွဲ့များ မေမြို့တွင်မရှိတော့ပေ။ မန္တလေးသို့ ဆင့်ခေါ်ခြင်းခံရသဖြင့် ပြန်လည် ဆုတ်ခွာသွားကြပြီးဖြစ်ရာ ဇနီး၊ သားသမီးများကို ကြည့်မထား နိုင်တော့။ မိသားစုဝင်များမှာ ဟိုပုန်း ဒီအောင်းဖြင့် နေခဲ့ကြရှာသည်။ မချစ်ပိုမှာ ဒဏ်ရာမပျောက်ကင်းသေးသဖြင့် ကျန်ရစ်ခဲ့ရာမှ အဖမ်း ခံ လိုက်ရခြင်းဖြစ်သည်။ ကေအင်ဒီအို အဖွဲ့များကလည်း သာမန်မိသားစုဝင်များကိုစိတ်မ၀င်စား၊ မချစ်ပို ကိုသာ သဲကြီးမဲကြီးလိုက်ရှာနေခဲ့ကြခြင်းဖြစ်သည်။ မချစ်ပိုကို စောဘစံက သူ့မယား “ချစ်ပု” အိမ်သို့ ဖမ်းခေါ် သွား သည်။ ရောက်သည်နှင့် မချစ်ပိုကိုဖမ်းချုပ်ပြီး သူမ၏ အံသွားများကို ဓားဖြင့်က လန့်ထုတ် ရန်ကြိုး စားကြသည်။
မချစ်ပို သည် အံသွားအပို (အံပွား) ပါသူတစ်ဦးဖြစ်သည်။ အံပွား၏ အကျိုးကြောင့် တော်ရုံတန်ရုံ ဓား၊ သေ နတ်ပြီး သည့်သဘောရှိသည်။ အံပွားကြောင့် သူမကိုယ်တိုင်သာ လုံခြုံမှုရှိသည်မဟုတ်၊ မချစ်ပို နောက် ကလိုက်သူကြသူများသည်လည်း ကျည်ဆန်ထိမှန်ခြင်းမရှိ၊ မချစ်ပိုသည် ကျည်ကွယ် သဖွယ်ဖြစ်ေ နခြင်းေ ကြာင့်လည်း သူတို့အဖွဲ့ဝင်များ လှုပ်ရှား တိုက်ခိုက်ကြတိုင်း တော်ရုံတန်ရုံ မထိမှန် ဘဲအောင်မြင်မှုရခဲ့ကြသည် စသဖြင့် ယုံကြည်နေကြသည်။
ဒီသတင်းကို စောဘစံတို့ကလည်း ကြားထားသည်။ မချစ်ပိုကို ရိုးရိုးသတ်လို့သေမည်မဟုတ်ဟု နားလည် ထားကြသည်။ ထို့ကြောင့် မချစ်ပိုကို ဖမ်းခေါ်လာပြီး အိမ်ထဲ အ၀င်တွင် အခန်းဝ၌ မီးနေသည်ထမီကို ကပ်ရိုက် ထားသည်။ မချစ်ပိုကို ဘုန်းနိမ့်အောင်လုပ်ကြတော့သည်။ ပို၍သေချာအောင် မချစ်ပို၏အံသွားကို နုတ်ဖို့ ကြိုးစားကြပြန်ခြင်း ဖြစ်သည်။
“အောင်မလေး တို့ကိုဓားနဲ့ ပြန်ထိုးတယ်ဟ” အံသွားကို နုတ်ဖို့ကြိုးစားနေကြသူများ အော်ဟစ်ပြီး ပြိုလဲ ကျ သွားပြန်သည်။ မချစ်ပိုကား နောက်ဆုံးအချိန်တွင်ပင် တမလွန်သို့ အဖေါ်ခေါ်သွားလိုက်သေးသည်။ သို့ရာတွင် တမလွန်တွင် ခံစားရမည့် ဘုံဘ၀ခြင်းကား ခြားနားလှပါသည်။
စောဘစံ မခံရပ်နိုင်ဖြစ်ကား သေနတ်ဆွဲ၍ယူလိုက်သည်။ ဆူညံသောသေနတ်သံများ ထွက်ပေါ်လာပြီး မချစ် ပို လဲကျသွားတော့သည်။ မချစ်ပိုသည် ဒဏ်ရာ ပြင်းထန်စွာ ရနေသော်လည်း အသက်က တော်ေ တ်ာနှင့် မထွက်၊ အသက်ပြင်းသည်ဟု ပြောစမှတ်ပြုခံရသည်။ သို့နှင့် အသက်ထွက်လောက်ပြီ ထင်တော့မှ မချစ်ပို၏ အလောင်းကို ၀ိုင်းသယ်မပြီး ရေတွင်းထဲသို့ ပစ်ချလိုက်ကြသည်။ ပိုမိုသေချာစေရန် အတွက် အပေါ်မှ အုတ်ခဲကျိုးများ၊ ပန်းအိုးကွဲများ ပစ်ချပြီးဖို့ထားလိုက်ကြသည်။
မချစ်ပိုသည် ၈-၄-၄၉ ရက်နေ့တွင် အသက် (၄၂) နှစ် အရွယ်တွင် ကျဆုံးသွားခဲ့ရရှာပေသည်။
မချစ်ပို ကျဆုံးသောနေ့ရက်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များက မန္တလေးမြို့ကို ပြန်လည်သိမ်းပိုက်ပြီးဖြစ်၍ မြို့သိမ်းအောင်ပွဲအခမ်းအနား ပြုလုပ်သောနေ့နှင့် တိုက်ဆိုင်ခဲ့ပေသည်။ မန္တလေးမြို့ကို စစ်ကိုင်းဘက်မှနေ၍ အစိုးရတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရာတွင် ဗိုလ်မှူးထင်ပေါ် ဦးစီးသော ဘီအီး တပ်ဖွဲ့ သည် အဓိက တိုက်ခိုက်ရေးတပ်အဖြစ်ဖြင့် ဧပြီလ ၂ ရက်တွင် မန္တလေးတောင်ကိုတက်သိမ်းခဲ့သည်။ မန္တလေးနန်းမြို့တွင်း သို့ ဆက်လက်တိုက်ခိုက်ပြီး ဧပြီလ ၆ ရက် တွင် မန္တလေးမြို့ကို ၀င်ရောက်သိမ်းပိုက်ကာ ပြည်ထောင်စုအလံကို လွှင့်ထူခဲ့ရာ မန္တလေးမြို့လူထုမှ “တပ်မတော်ကွ” ဟု ကြွေးကြော်ပြီး သြဘာပေးခဲ့ကြသည်။ ဒါတွေကို မချစ်ပို သိမသွားသော်လည်း မချစ်ပို ကျေနပ်နေလိမ့်မည်ဟု ယုံကြည်ပါသည်။
မချစ်ပို၏အလောင်းကို သုံးလေးရက်အကြာတွင် ပြန်ဖော်သောအခါ ပုပ်သိုးနံစော်ခြင်းမရှိဟုဆိုသည်။ ၁၆-၄-၄၉ ရက်တွင် ဗိုလ်မှူးကြင်နှင့်တကွ ရဲဘော်များသည် မန္တလေး-မေမြို့ကားလမ်းကို စစ်ဆေးရင်းမှ ရောက်လာကြပြီး မချစ်ပို၏ အလောင်းကို စစ်အခမ်းအနားဖြင့် သဂြိုလ်ခဲ့ကြသည်။ အမိန့်စာကို ဦးထွန်းအုံက ဖတ်ကြောင်းသိရသည်။
မချစ်ပို၏ အုတ်ဂူလေးကို အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ၁၉၆၀ ပြည့်နှစ်တွင် မေမြို့ အင်ဂျင်နီယာတပ်၌ ဗိုလ်မှူးတင်မောင် (သိပ္ပံမှူးတင်) တပ်မှူး ဖြစ်သောအခါ အုတ်ဂူလေးကို ပြန်လည်မွမ်းမံခဲ့သေးသည်။
ရဲဘော်မသေ သေသော်ငရဲမလားပါ။
“သတိဓါတ်လိုက်တတ်သည်” ဟုရေးထားလျှင် မည်သူမျှ မကိုင်ကြသော်လည်း “ရှေ့မှာရန်သူပစ်နေတယ်၊ တက်ချေမှုန်း” ဟုဆိုလျှင် “စစ်သား” ဆိုသူများသည် အန္တရာယ် လမ်းမှန်းသိလျက် မည်သည့်အတွက် လျှောက်လှမ်းကြပါသလဲ။
အမိမြေအတွက်ဖြစ်ပါသည်။
အမိမြေကိုချစ်သောစိတ်ဖြင့် သားကောင်းဇာနည်များ၊ အာဇာနည် အမျိုးသမီးများပါ ပေါ်ပေါက်လာ ရပေသည်။ အာဇာနည်မချစ်ပို၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်က ၁၉၅၀ ခုနှစ် လွတ်လပ်ရေးနေ့ တွင် “သူရ” ဘွဲ့ကိုချီးမြှင့်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော သူရဘွဲ့ရ အမျိုးသမီးတစ်ဦး အဖြစ်လည်း ယနေ့တိုင် ရပ်တည်နေဆဲဖြစ်ပါသည်။ သို့ရာတွင် “သူရ” မချစ်ပို (ကျဆုံး) ရရှိသော “သူရ” ဘွဲ့သည် တပ်မတော် သမိုင်းတစ်လျှောက်လုံးတွင် တိုက်ပွဲဝင်နေသော စစ်သည်များ၏ မိသားစုများကို ကိုယ်စားပြုလျှက်ရှိနေပါသည်။
“သူရမချစ်ပို” ၏ အုတ်ဂူဖြူဖြူလေးက ပြင်ဦးလွင်မြို့ ထုံးဘိုရပ်ထဲတွင် ယနေ့တိုင် တည်ရှိနေ ဆဲဖြစ်ပါသည်။ မသိနားမလည်ကြသူအချို့က အုတ်ဂူသင်းချိုင်းမှာ မြို့ထဲ ရောက်နေသဖြင့် ရွှေ့ပစ်သင့် သည်ဟု ထင်နေကြပါသည်။
သူရမချစ်ပို၏ အုတ်ဂူသည် သင်းချိုင်းမဟုတ်ပါ။ မေမြို့ (ပြင်ဦးလွင်) ကိုချစ်သော၊ မေမြို့တိုက်ပွဲတွင် ဦးေ ဆာင် မှုပေးခဲ့သော အင်ဂျင်နီယာတပ်ဖွဲ့၏ သမိုင်းကိုပြောပြနေသည့် အုတ်ဂူစံအိမ်လေး တစ်ခုဟု နားလည်မိပါသည်။
သူရမချစ်ပိုသည် မသေသေးပါ။ အုတ်ဂူစံအိမ်လေးထဲတွင် အိပ်ပျော်နေခြင်းသာဖြစ်ပါသည်။
အမိမြေကိုချစ်သော သားကောင်းသမီးကောင်းများအကြောင်းကို မချစ်ပိုက ထာဝရပြောပြနေဦးမည်သာ ဖြစ်ပါသတည်း။
ခင်မောင်နိုင် (ဘီအီး)
(ကြေးမုံသတင်းစာ ၁၉၉၅ ခုနှစ် မတ်လ ၁၃ ရက်)
www.facebook.com/theuseofforce ဝေဟင်ချစ်သူမှ ဖော်ပြခြင်းကို ကူးယူသည်။

Saturday, June 27, 2015
ရှောင်လေဝေးဝေး မူးယစ်ဆေး
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့
တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို အထူးအလေးထားလျက် မေလ ၂၆ ရက်နေ့မှ
ဇွန်လ ၂၆ ရက်နေ့အထိ ပြည်သူလူထု ဗဟိုပြု လူထုလှုပ်ရှားမှုအသွင်ဖြင့် မူးယစ်ဆေးဝါး
တိုက်ဖျက်ရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းတို့တွင် ရွှေလီစစ်ဆင်ရေး၊ သံလွင် စစ်ဆင်ရေး၊
မဲခေါင်စစ်ဆင်ရေး စတဲ့ စီမံချက်များဖြင့် မူးယစ်တပ်ဖွဲ့စုများစွာက ဘိန်းဖြူနဲ့ စိတ်ကြွရူးသွပ်
ဆေးပြားများ အမြောက်အမြား သိမ်းဆည်းရမိပြီး ကျူးလွန်သူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို
ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းစာတွေ၊
ဂျာနယ်တွေမှာ ဖတ်ရှုရပါတယ်။
မြို့နယ်တွေမှာ ပညာပေး ဟောပြောပွဲတွေ၊ ပညာပေးပြခန်းတွေ ကျင်ပပြီး လူငယ်လူရွယ်တွေ
မူးယစ်ဆေးဝါး မသုံးစွဲအောင် စည်းရုံး လှုံ့ဆော်ပေးလျက်ရှိတာကို တွေ့ရပါတယ်။
"ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်" ဆိုတဲ့အတိုင်း မူးယစ်ဆေးဝါးတွေကို
သိမ်းဆည်းဖမ်းဆီးပြီး ဥပဒေအရ အရေးယူတာက ကာကွယ်ခြင်းဖြစ်သလို အထက်ဖော်ပြပါ
စည်းရုံးလှုံ့ဆော်ပေးတာကလည်း ကာကွယ်တားဆီးခြင်း နည်းတစ်မျိုး ဖြစ်ပါတယ်။
ဒါကြောင့် ဒီတစ်လအတွင်း လုပ်တဲ့ လှုပ်ရှားမှုလောက် မပြင်းထန်ပေမယ့် စဉ်ဆက်မပြတ်
လုပ်သွားရင် ကာကွယ်တားဆီးခြင်းက တဖြည်းဖြည်း ထိရောက်လာမယ်လို့ ကျွန်မ ယူဆပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်က ဘိန်းဖြူ စွဲသွားပြီး ပြတ်သွားတဲ့ ညီအစ်ကိုနှစ်ယောက်က
ပြောဖူးပါတယ်။
အဲဒီအချိန်တုန်းက ဘိန်းဖြူကို ရှာဝယ်ရတာ သိပ်အခက်အခဲ မရှိဘူးလို့ ပြောပါတယ်။
လူငယ်လူရွယ်တွေဟာ ကိုယ့်စိတ်ကို ကိုယ်နိုင်တယ်ဆိုပြီး ဘိန်းဖြူးကို မစမ်းကြပါနဲ့လို့ သူတို့က
တိုက်တွန်းကြောင်းနဲ့ စမ်းလိုက်တာနဲ့ စွဲသွားတယ်လို့ ပြောပါတယ်။
သူတို့ ညီအစ်ကိုရဲ့ ဖခင်ဟာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားတုန်းက သိပ်စိတ်ထိခိုက်ပြီး
ယူကျုံးမရဖြစ်နေတဲ့အခါမှာ သူတို့အိမ်ကို လာလေ့မရှိတဲ့ သူငယ်ချင်းတစ်စု ပေါက်ချလာတဲ့
အကြောင်း၊ ညဥ့်နက်အထိ နေသွားကြပြီး သူတို့ကို စီးကရက်တိုက်ကြောင်း ညီဖြစ်သူက
ပြောပြပါတယ်။
နောက်ပိုင်းမှာ မိခင်ဖြစ်သူ ရုံးသွားတဲ့အချိန်မှာ အဲဒီ သူငယ်ချင်းတွေ ရောက်လာပြီး ပါလာတဲ့
ပစ္စည်းကို မျှဝေသုံးစွဲလာရာက ဘိန်းဖြူစွဲသွားကြောင်း ၎င်းကပြောပြတယ်။
စွဲမိသွားတဲ့ ဘိန်းဖြူကို ဖြတ်ချင်တဲ့ အသိတရားလေးကြောင့် ဖြတ်ပေးတယ်ဆိုတဲ့ ဆရာဝန်ဆီ
သွားကြောင်း အသပြာဆရာဝန် ဖြစ်နေလို့ ပြတ်အောင် ဖြတ်မပေးလို့၊ ပြတ်လိုက်
ပြန်စွဲသွားလိုက်နဲ့ ဖြစ်နေကြောင်း သူတို့ရဲ့ မိခင်သိသွားလို့ ဆရာဝန်၊ သူနာပြု တွေနဲ့ အိမ်မှာ
ထိထိရောက်ရောက်ဖြတ်ပေးကြောင်းနဲ့ အဲဒီနောက်ပိုင်း ညီဖြစ်သူက လုံးဝ ပြတ်သွားကြောင်း
သိရပါတယ်။
လူငယ်လူရွယ်တွေ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများကို စမ်းကြည့်တာမျိုး
လုံးဝရှောင်ပြီး အဲဒါတွေလုပ်နေတဲ့ သူငယ်ချင်းတွေကို ဝေါင်ဝေါင်ရှေး၊ ဝေးဝေးရှောင်ပါလို့
ပြတ်သွားတဲ့ ညီကဆိုပါတယ်။
အစ်ကိုဖြစ်သူက အဲဒီတုန်းက ပြတ်သွားပေမယ့် ကုမ္ပဏီတစ်ခုမှာ ၀င်လုပ်တဲ့အခါမှာ ထပ်တွေပြီး
ထပ်ဖြစ်သွားတယ်လို့ သိရပါတယ်။
အဲဒီအချိန်မှာ မိခင်ဖြစ်သူက ရင်နာနာနဲ့ တံတားလေးဆေးရုံကိုပို့ပြီး ကုသမှု ခံယူစေကြောင်း၊
အဲဒီမှာ တစ်လနေပြီး ပြန်ကောင်းလာကြောင်း၊ အဲဒီဆေးရုံမှာ ကိုယ်တိုင်ကြွလာတဲ့ ဆရာတော်က
ဟောကြား ဆုံးမကြောင်းနဲ့ ဆရာတော်ရဲ့ တရားပြမှုဖြင့် နေ့စဉ်တရားထိုင်ပြီး ဘိန်းဖြူ
ပြတ်သွားကြောင်း သိရပါတယ်။
တရားထိုင်ပြီး ပြတ်သွားတဲ့အကြောင်းကို ဆေးရုံအုပ်ကြီး သိသွားလို့ အိမ်ပြန်ပြီး
တစ်ပတ်အကြာမှာ ဆရာဝန်ကြီးက ဆေးရုံသို့ ပြန်ခေါ်ပြီး အင်တာဗျူးတဲ့အကြောင်း၊
ကက်ဆက်နဲ့လည်း သွင်းထားကြောင်း အစ်ကို ဖြစ်သူက ဂုဏ်ယူစွာ ပြောပြပါတယ်။
ကျွန်မတို့နိုင်ငံမှာ လူငယ်လူရွယ်တွေ လူညွန့်မတုံးအောင် မူးယစ်ဆေးဝါးနဲ့ စိတ်ကြွရူးသွပ်
ဆေးပြားတွေ တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးကို အလေးထား ဆောင်ရွက်ရာမှာ
ရောင်းဝယ် သယ်ဆောင်သူတွေကို ဖမ်းဆီး အရေးယူခြင်းနဲ့ အတိုင်းအတာ တစ်ခုထိအောင်
ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အဓိက ထုတ်လုပ်သူတွေနဲ့ ဖြန့်ဖြူးနေသူတွေကိုလည်း မျက်ခြည်မပြတ်သင့်ပါ။
သားသမီးတွေ မူးယစ်ဆေးဝါး သုံးစွဲခြင်းက ကာကွယ်ဖို့ မိဘတွေရဲ့ အခန်းကဏ္ဍကလည်း
အရေးပါပါတယ်။
သားသမီးတွေကို အမြဲစောင့်ကြည့်ပြီး လမ်းမှန်ပေါ်လျှောက် လှမ်းနိုင်အောင် နည်းမျိုးစုံရှာကြံကာ
ပံ့ပိုး ကူညီ ပေးဖို့လိုပါတယ်။
သားတွေက အကြောင်းတစ်ခုခုကြောင့် မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း မိဘတွေက သိရှိလာရင်
"သားအဖြစ်မှ အမွေဖြတ် စွန့်လွှတ်ခြင်း" ကြေညာပြီး စွန့်လွှတ်မယ့်အစား အဲဒီနွံထဲက ဆွဲထုတ်ဖို့
နည်းလမ်း ရှာကြံသင့်ပါတယ်။
မိဘတွေရဲ့ ထိထိရောက်ရောက် ကူညီမှုကြောင့် ဘိန်းပြတ်တဲ့သူတွေ ရှိပါတယ်။
အထက်မှာ ဖော်ပြထားတဲ့ ညီအစ်ကို နှစ်ယောက်မှာ ညီဖြစ်သူဟာ မိခင်ရဲ့ အကူအညီ၊ မိမိရဲ့
အသိတရားနဲ့ ဘိန်းလုံးဝပြတ်သွားတာဟာ သာဓကတစ်ခု ဖြစ်ပါတယ်။
အစ်ကိုဖြစ်သူဟာ မိခင်ရဲ့ အကူအညီကြောင့် ပထမ ပြတ်သွားပေမယ့် ၎င်းရဲ့ စိတ်ဓာတ်
ပျော့မှုကြောင့် နောက်တစ်ကြိမ် ထပ်ဖြစ်တယ်။
ဘုရားတရားကြည်ညိုတဲ့ ၎င်းရဲ့ မူရင်းစိတ်ဓာတ်ကြောင့် တံတားလေး ဆေးရုံမှာ တရားပြတဲ့
ဆရာတော်ရဲ့ ဟောကြားဆုံးမတာ ခံယူပြီး တရားထိုင်ရင်း ဘိန်းပြတ်သွားတာလည်း
သာဓကတစ်ခုပါ။
နိုင်ငံတော်အစိုးရ၊ ပြည်သူတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ မိဘတွေရဲ့ ဘက်ပေါင်းစုံက
အရေးယူဆောင်ရွက်မှုနဲ့ လူငယ် လူရွယ်တွေရဲ့ အသိတရားတွေနဲ့ မူးယစ်ဆေးဝါးနဲ့
စိတ်ကြွရူးသွပ်ဆေးပြားတွေ သုံးစွဲခြင်းက ကင်းဝေးကြပါစေ။
ဆောင်းပါးရှင် မနှင်းဝေ
myanmar.mmtimes.com

ထနောင်းမြေသို့ အပြန်
တမာပင်ညိုတွေ စီရရီထားတဲ့ လမ်းအိုလေးပေါ့
ရွှံ့ စိုနေတဲ့ စိတ်တစ်ခုတည်းနဲ့ 
ကျွန်တော် အိမ်ပြန်လာခဲ့တယ် အမေ။
ထနောင်းရွက်တွေက တဖွဲဖွဲကြွေလို့ 
ညနေညို ရေချိုခပ်ရာ
ထိန်ကန်သာကြီးက
ခါးစောင်းကိုင်းကိုင်းမန်ကျည်းပင်တွေအောက်မှာ
ငိုက်မြည်း၊
အသားမဲမဲ တောကျီးကန်းနှစ်ကောင်က
အတိတ်တွေကို ဆွဲချီသွားတယ်။
ငယ်ငယ်က စစ်တိုက်တမ်းကစားခဲ့တဲ့
ထန်းတောကြီး
ခုများတော့ နှစ်တွေကြာ
သူ့ ခမျာ အရင်လို မသာယာနိုင်ရှာတော့ဘူး။
သန်းထွန်းလေးရဲ့  သီချင်းထဲကလို
လှည်းလမ်းကြောင်းတလျှောက် ဖုံလုံးကြီးတွေ
တလှိမ့်လှိမ့် မတက်ပေမယ့်
အမေ့အိမ်ရှိရာ ပြန်လာရာလမ်း
ကျွန်တော့် အလွမ်းတွေကတော့ တလှိမ့်လှိမ့်တက်လာတယ် အမေ။
ညအိပ်တေးတွေ တရိပ်ရိပ်ပြေးနေတဲ့
ဟိုး တောင်ယာဉ်စွန်းတန်းဆီ မျှော်ငေး
ကျွန်တော် ကလေးဘ၀ကပေါ့၊
အမေဟာ ...
ကျွန်တော့်လက်ကိုဆွဲ
နေပူကျဲကျဲအညာမြေရဲ့ ဝဲဂယက်ထဲမှာ
အနေရဲခဲ့ဖူးတယ်။
လသာသာညများ၊
ထုပ်စီးထိုးတမ်းကစားခဲ့တဲ့ ငယ်ပေါင်းများ၊
တစ္ဆေကြီးအလား ကြီးမားလှတဲ့ ကုက္ကိုပင်ကြီးများ၊
ကာလဒေသ အစကို
ကျွန်တော် ပြန်ရှာလို့ မရခဲ့ဘူး။
ရှားစောင်း၊ကသစ်
ထန်း၊ပုရစ်နဲ့ 
ပိတ်ဆွယ်ချဉ်ပေါတဲ့ အရပ်
သူ့ ဇာတ်နဲ့ သူတော့ လိုက်ဖက်လှပါရဲ့ ။
ဟိုစဉ်တုန်းအခါများ
ထနောင်းပင်တွေက ညိုညို
ကျွန်တော့် ဆံပင်က တိုတို
မြို့ ကြီးပြကြီးမှာ ညိုတဲ့မိုး
ကျွန်တော့်ကို မစိုသေးဘူး။
နီယွန်မီးရောင်စုံနဲ့ 
ငွေကြေးအညစ်အထည်များလည်း
မသိခဲ့ရိုးအမှန်ပေါ့။
လမင်းဖွေးဖွေး
ဘော်ငွေသွေးတဲ့ ညတွေ
အမေနယ်ကျွေးတဲ့ ထမင်းဖြုဆီဆမ်းကို
ရွှေလင်ဗန်းကြီးနဲ့ တောင် ကျွန်တော် မလဲနိုင်ခဲ့ဘူး။
အခုများ
မီးခိုးတွေဝေတဲ့ မေတ္တာတရားကို
လက်ထဲမှာ ဖွဖွလေးကိုင်
ကျွန်တော့် ရဲ့ ပန်းတိုင်ဆိုတာ
နောက်ဆုံးပေါ်ကားတွေ ကြိတ်တာ ခံရပေါ့။
အမေ ဥပုသ်စောင့်ခဲ့တဲ့နေ့ တွေ
ကျွန်တော့် စိတ်မှာလည်း ပန်းတွေဝေတယ်၊
အမေမျက်နှာပြင်အေးအေး
ဟိုးကောင်းကင်ဆီက လမင်းဖွေးဖွေးလိုပဲ။
တစ်နေ့ တစ်ခြား
ဖိနပ်ကလည်း ပါးပါးလာတယ် အမေ။
ဝါဆိုလတစ်ရက်ဆီက
အမေ၀ယ်ပေးခဲ့တဲ့ ဂျင်းဦးထုပ် အပြာလေး
အခုကျွန်တော် ပြန်လိုချင်နေတယ်။
ဟော ... မြို့ အ၀င်က
လက်ပံပင်ကြီး
ကျွန်တော့်ကို ပြုံးပြီးနှုတ်ဆက်တယ်၊
မြက်ရိုင်းရှည်ရှည်တွေကလည်း
လူမိုက်တစ်ယောက်ရဲ့  နောင်တကို
ခ၀ါချနေသလိုလို။
လမ်းတွေက ရှည်လှချည်ရဲ့ 
တောင်တွေက မတ်စောက်လှချည်ရဲ့ 
ရှေ့ မှာက
ဘီလူးဟိန်းသံတွေ၊
ရောဂါကပ်တွေနဲ့ ။
ဒီလို စစ်ပွဲတွေကြားက
အမေ့ဌာနေ၊ကျွန်တော့်မြေကို
ပြန်လာခဲ့တယ် အမေ။
အံ့ဖွယ်အတိပြီးတဲ့လောက
သေနတ်မောင်းချသံတွေ ညံလှတယ်၊
အမေ့အိမ်လေးမှာတော့
ကြယ်တွေ၊လတွေ ဖွေးနေမှာပဲ။
လောဘ၊မောဟတွေနဲ့ 
နဂါးငွေ့ တန်းဆီချီနေတဲ့ လူမိုက်၊
ခုများတော့
အမေဆုံးမခဲ့သလို
ဘုရားရိုက်မှာ မကြောက်နိုင်တော့ဘူး။
ချောက်ကမ်းပါးပေါ်က
စာရွက်စာတမ်းတွေနဲ့ 
အသေကောင်တွေရဲ့ အရိုးကို
အလှဆင်ဝတ်ကြတဲ့ခေတ်မှာ
အမေ့သားဟာလည်း
သဲထဲကို ရေတွေသွန်နေတတ်ပြီ။
ကျွန်တော်က
အသုံးလုံးမကျေဘူး
ဘ၀မကျေဘူး
တာဝန်မကျေဘူး
ကျေးဇူးမကျေဘူး
ဘာဆို ဘာမှကို မကျေခဲ့တဲ့ကောင်ပါ အမေ။
အခု
အမေ့မြို့ လေးက
ကျွန်တော့်ကို မေးနေပြီ၊
'' နောက်တစ်ခါ ပြန်ထွက်သွားဦးမှာလား သား'' တဲ့
ကျွန်တော် မဖြေနိုင်ဘူး
ကျွန်တော် မဖြေရက်ဘူး အမေ။
ဟိုးညနေစောင်းဆီက
ထနောင်းပင်ကြီးအိုအိုကြီးက
လေရိုင်းတွေကို ပွေ့ ဖက်
ကျွန်တော့်ကို မကြည့်ရက်တော့သလိုလို။
အိမ်ပြန်နေကြတဲ့ တိမ်အုပ်တွေကလည်း
နီညိုညိုဆံပင်ရှည် လူမိုက်တစ်ယောက်ကို
စုပ်တသပ်သပ်နဲ့ ။
သနားကြပေါ့
အမေ့မြေမှာ ထာဝရနေနိုင်ကြတဲ့
ထနောင်းပင်တွေ
တမာပင်တွေ
သူတို့ တွေ ...
ကျွန်တော့်ကို သနားကြပေါ့။
အမေ
မြေကြီးထဲက
ကောင်းမြတ်ခြင်းတွေနဲ့ 
ကျွန်တော့်ကို
လေလွင့်ခွင့်ပေးပါလေ။
မှော်အတတ်တွေကတဲ့
မြို့ ပြညတွေထဲ
ကျွန်တော့် ရင်ဘတ်ကို ခွဲ
ငရဲမီးနဲ့  ပွေ့ ဖက်ရဦးမယ်။
အမေ
ကျွန်တော် ပြန်လာမယ်
အမေ့မြေ
ကျွန်တော့်ဌာနေဆီ
ကျွန်တော် ဆက်ဆက်ပြန်လာမယ် အမေ။
လက်ပံပွင့်တွေ တဖွဲဖွဲကြွေလို့ 
ဒီအချိန် ၊ခွေးရူးပေါ်ချိန်
ထိန်ကန်ကြီးကတော့
ကျွန်တော့်ကို စကားမပြောချင်တော့သလို
မျက်နှာလွှဲလို့ ။
Posted by နေ့ သစ်
naethit.com

လူငယ်ညနေခင်း
ညနေစောင်းစောင်းက လေအေးပေးစက်ထဲမှာအိပ်ပျော်လို့ ၊
ဖွင့်ထားတဲ့ ပြတင်းပေါက်ဟာ ကာရေဘီယံပင်လယ်ထဲမှာ၊
ဒီဘ၀ ကမ္ဘာမကျော်တော့မယ့် အတူတူ
တိမ်တွေကိုလက်နဲ့ ဆွဲယူပစ်လိုက်တယ်။
ကျွန်တော်ရယ်၊ကျွန်တော့်သူငယ်ချင်းတွေရယ်
လက်ဖက်ရည်ဆိုင်ပုပုရယ်၊ခွေးခြေပုပုတွေရယ်
နောက်၊ဂုဏ်သိက္ခာပုပုတွေ။
ဗီသိုဗင် အရပ်ဘယ်လောက်ရှည်သလဲ ကျွန်တော် မသိဘူး။
အခုဆို ရန်ကုန်မြို့ ဟာ ကြော်ငြာဆိုင်းဘုတ်လို၊
ယဉ်ကျေးမှု အခွံလွတ်တစ်လုံးလို။
ရေနွေးကြမ်းတစ်ခွက်ကို ကျွန်တော် မော့သောက်လိုက်တယ်။
လည်ချောင်းထဲကို ရော့ခ်သီချင်းတစ်ပုဒ်စီးဝင်သွားတယ်။
နေ၀င်တော့မယ် နပိုလီယံ။
လူငယ်တွေ ဘာလုပ်ကြမှာလဲ၊ဘယ်သွားကြမှာလဲ
ချေဂွေဗားရာဆိုတာ ဆရာဝန်ပညာတတ်၊
ပြီးတော့ ၊ တော်လှန်ရေးသမား။
ကျွန်တော့် ညာဘက်လက်မောင်းမှာ
ခေတ်ဟောင်းရုပ်ရှင်ကားတစ်ကား ရုံတင်ပြသတယ်။
အောင်ဆန်းရှိတယ်၊အာရှတိုက်ရှိတယ်
ခင်ဝမ်းရှိတယ်၊မောင်ချောနွယ်ရှိတယ်
ရထားပေါ်က သံယောဇဉ်တွေ ပစ်ချခဲ့။
အခု၊လူငယ်တွေ ဘတ်စ်ကားစီးပြီးခေတ်ကို မီအောင်လိုက်နေတယ်။

Posted by
နေ့ သစ်
Friday, June 26, 2015
မားစ်ရောဂါနှင့်ပတ်သက်၍ သိထားသင့်သော အချက်အလက်များ
၂၀၁၂ အတွင်းက စတင်တွေ့ရှိခဲ့သည့် အရှေ့အလယ်ပိုင်းဒေသ
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ(MERS)မားစ်ရောဂါသည် ၂၀၁၅ ဇွန်လအထိ
ဆော်ဒီအာရေးဗီးယား၊ ဂျော်ဒန်၊ ကာတာ၊ အီဂျစ်၊ ယူအေအီး၊ ကူဝိတ်၊ တူရကီ၊
အိုမန်၊ အယ်လ်ဂျီးရီးယား၊ ဘင်္ဂလား ဒေ့ရှ်၊ အင်ဒိုနီးရှား၊ သြစတြီးယား၊
ဗြိတိန်၊ တောင်ကိုရီးယား၊ အမေ ရိကန်၊ တရုတ်ပြည်မကြီးနှင့်
ထိုင်းနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်တွင် ဖြစ်ပွားခဲ့သည်။
များမကြာမီက တောင်ကိုရီးယားနိုင်ငံတွင် မားစ်ရောဂါပျံ့နှံ့ဖြစ်ပွားပြီး ၂၀၁၅ ဇွန်လ ၁၉ ရက်အထိ ရောဂါကူးစက်ခံရသူ ၁၆၆ ဦး ရှိခဲ့ကာ တစ်လမပြည့်မီအချိန်အတွင်း လူ ၂၄ ဦး သေဆုံးခဲ့ပြီဖြစ်ကာ လူပေါင်း ၂,၃၀၀ ကို ရောဂါခြေချုပ်ဖြင့် စောင့်ကြည့်နေရသည်။
ထို့ပြင် ထိုင်းနိုင်ငံတွင် မားစ်ရောဂါဖြစ်ပွားနေသူတစ်ဦးတွေ့ရှိထားကြောင်း အာဏာပိုင်များက အတည်ပြုထားပြီး ၎င်းနှင့်ထိတွေ့ ခဲ့သူ ၆၀ ဦးခန့်ကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားထားသည်။
မားစ်ရောဂါကူးစက်ခံရသူအများစုသည် ပြင်းထန်သော အ သက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ်ပြီး အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲသည့် ရောဂါလက္ခဏာ များဖြစ်ပေါ်လေ့ရှိသည်။
အချို့သော ရောဂါရှင်များမှာ မူးမော်အော့အန်ခြင်း၊ ဝမ်းလျှောခြင်း အပါအဝင် အစာအိမ်လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများလည်း ဖြစ်ပွားလေ့ရှိသည်။ မားစ်ရောဂါကူးစက်ခံရသူ ၁၀ ဦးတွင် သုံး၊ လေးဦးခန့်မှာ အသက်ဆုံးရှုံးရတတ်သည်။
မားစ်ရောဂါစတင်ကူးစက်ခံရချိန်နှင့် ရောဂါလက္ခဏာများ စတင်ပြသချိန်မှာ အများအားဖြင့် ငါးရက်(သို့မဟုတ်)ခြောက်ရက်ကြာမြင့်သော်လည်း နှစ်ရက်မှ ၁၄ ရက်အတွင်း ရောဂါလက္ခဏာများ ပြသနိုင်သည်။
မားစ်ရောဂါသည်ကို အနီးကပ် ထိတွေ့မိခြင်းမှ အခြားသူများ ထံ ကူးစက်လေ့ရှိပြီး ရောဂါသည်နှင့် အတူတကွ နေထိုင်ခြင်း (သို့မ ဟုတ်)ပြုစုပေးခြင်းတို့မှ ကူးစက်နိုင်သည်။
ရောဂါသည်များ တက်ရောက်ကုသမှုခံယူနေသည့် ဆေးရုံများကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုဌာနများမှ အခြားလူများထံ ပျံ့နှံ့ ကူးစက်နိုင်သည်။
မားစ်ရောဂါအတွက် လက်ရှိအချိန် ကာကွယ်ဆေးမရှိသေးပါ။ သို့သော် လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောပါ။ အကယ်၍ ဆပ်ပြာမရနိုင်ပါက အရက်အခြေခံ လက်ဆေးရည်များသုံး၍ ဆေး ကြောပါ။ ချောင်းဆိုးနှာချေစဉ် နှာခေါင်းနှင့် ပါးစပ်ကို တစ်ရှူးဖြင့် ပိတ်ထားပါ။ ပြီးလျှင် ယင်းတစ်ရှူးကို အမှိုက်ပုံးထဲ စွန့်ပစ်ပါ။
—Ref: TOI

ကာမပိုင်ရှိသူနဲ့ ဖောက်ပြားလျှင် ကြုံရမည့် ဒု-သ-န-သော အကြောင်း
ဒု - သ - န - သော ဆိုတဲ့ ဒီစကား လေးလုံးအကြောင်းကတော့
မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသားအမျိုးသမီး တစ်ဦးကိုနှစ်သက်သဘောကျခဲ့ပါတယ်။နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီးအကြောင်းကို စုံးစမ်းခိုင်းတဲ့ အခါအိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီးအပေါ်စွဲ လန်းနေမိတဲ့အတွက် ဒီအမျိုးသမီးကို အရယူဖို့သူမရဲ့ ယောက်ျားကိုခေါ်ပြီး နန်းတော်မှာအလုပ်ခန့်ခဲ့ပါတယ်။ ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်း နည်းနဲ့အပြစ်ရှာပြီး အပြစ်အတိုင်းအဆုံးစီရင်ကာ ကျန်ခဲ့တဲ့အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
လင်ရှိမယားကို သိမ်းပိုက်လိုတဲ့ ဘုရင်ဟာ ရည်ရွယ်ချက်အတိုင်း တစ်နေ့တော့ သူဆင်းရဲသား ယောက်ျားကို တာဝန်တစ်ခုကို စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးက “အချင်းယောက်ျား… ငါ့ဘုရင်နန်းတော်ကနေ တစ်ယူဇနာ ကျော်ကျော်လောက်မှာရှိတဲ့ မြစ်တစ်ခုကိုသွားပြီး အဲဒီမှာရှိတဲ့ ကုမုဒြာကြာပန်းနဲ့ အရုဏ၀တီမြေကို ငါဘုရင် ရေးချိုးချိန်အမီ ဆောင်ယူကာ ဆက်သရမယ်၊ အချိန်မီ ရောက်မလာရင် သင့်ကိုမင်းပြစ်မင်းဒဏ်ပေးမယ်၊ အမြန်သွားပြီး ဆောင်ယူခဲ့လော့”လို့ မင်းအမိန့်နဲ့ စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးဟာ မဖြစ်နိုင်တာကိုတမင် အပြစ်ရှာပြီး ခိုင်းတဲ့သဘော ဖြစ်ပေမယ့် မင်းခယောက်ျား သူဆင်းရဲသားကတော့ အမိန့်အတိုင်းသွားရောက် ဆောင်ယူရမှာဖြစ်ပါတယ်။
ဒါနဲ့သူဆင်းရဲသားလည်း ဇနီးမယားကို အကျိုးအကြောင်းပြောကာ ထမင်းရိက္ခာပြင်စေပြီး တစ်ယူဇနာခရီးကို အပြီးနှင်ခဲ့ပါတယ်။ လမ်းခရီးမှာ ထမင်းစာချိန်ရောက်လို့ ထမင်းစားပြီးတဲ့အခါ ပါလာတဲ့ ထမင်းဟင်းများရဲ့ တစ်ချို့တစ်ဝက်ကို ခရီးသွား ယောက်ျားကိုလည်း လှူကာ ကျန်တဲ့အစားအစာတွေကိုလည်း မြစ်ထဲမှာရှိတဲ့ သတ္တ၀ါတွေကို ကျွေးမွေးလှူဒါန်းပြီး သစ္စာပြုလိုက်ပါတယ်။
တိုတိုပြောရရင် ဒီကုသိုလ်ကောင်းမှုကြောင့်ပဲ မရနိုင်တဲ့ကုမုဒြာကြာနဲ့ အရုဏ၀တီမြေကို ရရှိခဲ့ပါတယ်။ဘုရင်အမိန့်အတိုင်း လိုအပ်တာကိုယူဆောင်ပြီး နန်းတော်သို့အချိန်မီရောက်အောင် ပြန်လာခဲ့ပေမယ့် အကြံကြီးတဲ့ဘုရင်ကြီးဟာ သူဆင်းရဲသားမရောက်ခင် နန်းတော်မြို့တံခါးကို စောစောအပိတ်ခိုင်းလိုက်ပါတယ်။ ဆင်းရဲသားယောက်ျားဟာ မြို့တံခါးပိတ်ထားတဲ့ အတွက်အဲဒီည အိပ်စရာမရှိတဲ့အခါနောက်ဆုံး သတ္တ၀ါတွေရဲ့ထုံးစံအတိုင်းဒုက္ခရောက်မှ ဘုရားကျောင်း ကန်ကိုသတိရကာ မြတ်စွာဘုရားကျောင်းတော်မှာ သွားရောက်အိပ်စက်ခဲ့ရပါတယ်။
ကောသလဘုရင်ဟာ အဲဒီညမှာ ဆင်းရဲသားယောက်ျားကို မင်းဒဏ်နဲ့ အဆုံးစီရင်ပြီး သူ့မယားကို သိမ်းပိုက် ဖို့အရေး၊ သူမနဲ့အတူ နေထိုင်နိုင်ရေး စတဲ့အတွေးတွေနဲ့ ကိလေသာမီး တောက်လောင်ကာ အိပ်မရဖြစ်နေ ခဲ့ပါတယ်။အိမ်မပျော်ဖြစ်နေတဲ့ ဘုရင်ဟာ ညဥ့်နက်နက်အချိန်မှာ လောဟကုမ္ဘီငရဲမှာ ငရဲခံနေရတဲ့ငရဲသား လေးယောက်ရဲ့အသံကို ထူးထူးခြားခြား ကြားလိုက်ရပါတယ်။ အဲဒီငရဲသား လေးယောက်ဟာ ငရဲခံရင်းသူတို့ မှားခဲ့တဲ့အမှားအတွက် ခံရတဲ့ဒုက္ခတွေကို တစ်ယောက်နဲ့တစ်ယောက် ကြားရအောင် အော်ဟစ်ညဉ်းညူ ပြောကြားဖို့ ကြိုးစားကြရင်း အပြည့်အစုံ မပြောနိုင်ဘဲ တစ်ယောက်က“ဒု”၊ တစ်ယောက်က“သ”၊ တစ်ယောက်က “န”၊ တစ်ယောက်က “သော”လို့ တစ်လုံးစီလောက်ပဲ အော်ပြောနိုင်ကြပြီး ငရဲအိုးထဲပြန်မြုပ် သွားခဲ့ကြပါတယ်။ အိပ်မပျော်ဖြစ်နေတဲ့ ကောသလမင်းကြီးဟာ အဲဒီအသံကြီးတွေကို ကြားပြီး အရမ်းထိတ် လန့်ကာဘယ်လိုမှ အိပ်မရတော့ဘဲ တစ်ညလုံး မိုးလင်းခဲ့ရပါတယ်။
မနက်လင်းတော့ ကောသလဘုရင်ဟာ ညကအဖြစ်အပျက်တွေကို တွေးတောကြောက်လန့်ပြီး ပညာရှိပု ရောဟိတ်ကို မေးမြန်းတဲ့အခါ ပုရောဟိတ်ပုဏ္ဏားက “အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီး အသက်အန္တရာယ် အတွက်စိုးရိမ်စရာဖြစ်ပါတယ်၊ ဒီအန္တရာယ်တွေကင်းဖို့ သဗ္ဗသတဆိုတဲ့ ယဇ်ကိုပူဇော်ရပါမယ်၊ဒီယဇ်ပူဇော်ဖို့ အတွက် ဆင်၊မြင်း၊နွားလဥသဘ၊ နို့ညှစ်နွားမ၊ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊၀က်၊ သတိုးသား၊သတိုးသမီး စသဖြင့်သတ္တ၀ါတစ်မျိုးမျိုးကို တစ်ရာစီပြုကာ သတ်ပြီးပူဇော်ရပါမယ်၊ အဲဒါဆိုဘုရင်ကြီးရဲ့ အသက်အန္တရာယ် အတွက်စိုးရိမ်စရာမရှိပါ အရှင်မင်းကြီး”လို့ လျှောက်တင်လိုက်ပါတယ်။
ကောသလဘုရင်ဟာ ဉာဏ်အမြင် နည်းပါးပြီး ကိုယ့်အသက်ရှင်ရေးဆို ဘာမဆိုလုပ်နိုင်တဲ့ သူဖြစ်တဲ့အတွက် ပုရောဟိတ်ပြောတဲ့အတိုင်းစီရင် စေပါတယ်။ဘုရင်ရဲ့ယဇ်ပူဇော်မှုအစီအစဉ်ကြောင့် တိုင်းပြည်တစ်ပြည်လုံး အုပ်အုပ်ကျက်ကျက်ဖြစ်ပြီး သား သမီးပါသွားတဲ့ မိဘဆွေမျိုးတွေဟာ အမျိုးမျိုးပူဆွေး ငိုကြွေးကြပါတယ်။ဒီအသံတွေကြောင့် ကောသလမင်း ကြီးရဲ့မိဘုရားဖြစ်တဲ့ ပညာရှိ မလ္လိကာမိဘုရားဟာ ဘုရင်ကြီးကိုတွေ့ပြီး ဒါဟာလမ်းမှန်တဲ့ အလုပ်မဟုတ်တဲ့ အကြောင်း၊ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဘုရားရှင်သာဖြစ်ကြောင်းနဲ့ ဘုရားရှင်ထံ သွားရောက်လျှောက် ကြားဖို့အကြောင်း အကြံပြုလိုက်ပါတယ်။ နောက်ဆုံးတော့ကောသလမင်းကြီးဟာ မိဘုရားကြီးရဲ့အကြံအ တိုင်းဘုရားရှင်ထံ သွားရောက်ခဲ့ပါတယ်။
ဘုရားရှင်ထံရောက်တဲ့အခါ ကောသလမင်းကြီးက ညကကြားခဲ့ရတဲ့ အသံတွေအကြောင်း လျှောက်ထားတဲ့ အခါ မြတ်ဗုဒ္ဓက အဲဒီအသံတွေဟာ တခြားမဟုတ် မကောင်းတဲ့ ကာမေသုမိစ္ဆာစာရကံကြောင့် လောဟကုမ္ဘီ ငရဲမှကျရောက်နေတဲ့ ငရဲသား လေးယောက်တို့ရဲ့ အသံပဲဖြစ်ကြောင်း မိန့်တော်မူကာ အဲဒီ ငရဲသားတွေရဲ့ အတိတ်အကြောင်းကို ဟောတော်မူပါတယ်။
မြတ်ဗုဒ္ဓက “ဒီငရဲသားတွေဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက အတူသွားအတူလာအတူပျော် ပါးစားသောက်ကြတဲ့ ချမ်းသားတဲ့ သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြကြောင်း၊ သူဋ္ဌေးသားလေးယောက်ဟာ ငွေကြေး ချမ်းသာကြတဲ့အတွက် အပျော်အပါး အမျိုးမျိုးကို ပျော်ပါးကြရင်း နောက်ဆုံးသူတို့ လေးယောက်တိုင်ပင်ကာ စည်းစိမ်ဥစ္စာတွေကို ချောမောလှပတဲ့ အမျိုးသမီးတွေကိုပေးကာ သူတို့နဲ့ပျော်ပါးတဲ့အခါ အသုံးပြုကြဖို့ဆုံး ဖြတ်ပြီးချောမောလှပတဲ့ အမျိုးသမီးမှန်သမျှ အိမ်ထောင်ရှိရှိ မရှိရှိ စည်းစိမ်ပေးပြီးပျော်ပါးခဲ့ကြကြောင်း၊ ကဿပဘုရားရှင် ပွင့်တော်မူတဲ့ အချိန်ဟာ အနှစ်နှစ်သောင်းတမ်းမှာ ပွင့်တဲ့အတွက် သူဋ္ဌေးသားလေး ယောက်ဟာကာမေသုမိစ္ဆာစာရ အမှုကိုနှစ်သောင်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြကြောင်း၊ ဒီအကုသိုလ်ကြောင့်ပဲသူတို့ လေးယောက်သေတဲ့အခါ အ၀ီစိငရဲမှာ ကျရောက်ကာ အ၀ီစိငရဲမှာ နှစ်ပေါင်းမြောက်များစွာ ခံစားပြီးအခု တစ်ခါလောဟကုမ္ဘီငရဲမှာ ထပ်ပြီးခံနေရတာဖြစ်ကြောင်း၊ မင်းကြီးကြားတဲ့ အသံတွေဟာ လောဟကုမ္ဘီငရဲမှာ ခံစားနေရတဲ့ အဲဒီသူဋ္ဌေးသား လေးယောက်ရဲ့ အသံပဲဖြစ်ကြောင်း” စသဖြင့် အတိတ်ဆောင်ကာ ကောသလမင်းကြားခဲ့တဲ့ အသံကြီးလေးခုရဲ့ အဓိပ္ပါယ်ကို ထပ်မံရှင်းလင်း မိန့်တော်မူပါတယ်။
မြတ်စွာဘုရားရှင်က ကောသလမင်းကြီး ကြားခဲ့တဲ့ အသံတွေထဲက
“ဒု”ဆိုတဲ့ အသံဟာ ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ၀ိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။ ငါတို့အားစည်း စိမ်ဥစ္စာများ ထင်ရှားရှိကုန်ပါလျက် မပေးမလှူမိကြကုန်၊ မိမိ၏မှီရာ ကိုင်းကျွန်းသဖွယ် ဖြစ်သည့်ကုသိုလ် ကောင်းမှုကို မပြုမိကြသည့် ငါတို့သည် မကောင်းသဖြင့် အသက်မွေးခြင်းကို ပြုလုပ်ခဲ့ကြကုန်၏” လို့ပြောလို တာဖြစ်ကြောင်း၊
“သ” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ငရဲသား အနေနဲ့
“သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿတိ။ လောဟကုမ္ဘီ ငရဲမှ ခံစားနေရသည့် ငါအားတို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ကုန်ပြီး ဖြစ်သော်လည်း ထိုငရဲခံရမှုသည် မည်သည့်အခါတွင် အဆုံးသတ်မည်နည်း” လို့ ပြောလိုတာ ဖြစ်ကြောင်း၊
“န”ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။ ငါတို့အား အဆုံးအပိုင်းအခြားသည် မရှိခဲ့၊ ငရဲ၏ အဆုံးကား အဘယ်မှာ ရှိအံ့နည်း၊ ငရဲခံရခြင်း၏အပိုင်းအ ခြားသည်မထင်ရှား၊ ငါတို့သည် လူဖြစ်စဉ်က မကောင်းမှု အများအပြားကို ပြုမိခဲ့လေပြီ” လို့ ပြောလိုတာ ဖြစ်ကြောင်း၊
“သော”ဆိုတဲ့ အသံဟာလည်း ဒီအသံပိုင်ရှင် အနေနဲ့
“သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ၀ဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။ ငါသည် ဤသံပူရည် ငရဲမှ လွတ်မြောက်ပြီး လူ့ဘ၀ကို ရပါမူကား အလှူခံသူ လူပုဂ္ဂိုလ်တို့၏ စကားကိုသိ လေ့ရှိသည်ဖြစ်၍၊ သီလနှင့်ပြည့်စုံသည်ဖြစ်၍၊ များစွာသော ကုသိုလ်ကောင်းမှုကို ပြုပါတော့အံ့” လို့ပြော လိုတာဖြစ်ကြောင်း စသဖြင့် ဒု - သ - န - သော ဆိုတဲ့ အသံတွေရဲ့ ဆိုလိုရင်း အကျယ်ကို ဟောကြား ချီးမြှင့်တော်မူပါတယ်။
အသံပိုင်ရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်းနဲ့ ဆိုလိုရင်းအဓိပ္ပါယ်တွေကို ကြားနာလိုက်ရတဲ့ ကောသလဘုရင် အရမ်းကြောက်လန့်သွားပြီး သူများသားမယားကို ပြစ်မှားကျူးလွန်လိုတဲ့ စိတ်တွေလည်း ပျောက်ကုန်ပါ တော့တယ်။
ဒီဖော်ပြချက်တွေကတော့ ဒု - သ - န - သော ဆိုတဲ့ တရားစကားကို ဟောကြားဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ဒု - သ - န - သော ဆိုတဲ့ စကားအဓိပ္ပါယ်နဲ့ ဒီစကားပိုင်းရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်း လေးပဲ ဖြစ်ပါတယ်။
ဒီနေရာမှအဓိက ပြောချင်တာက အများသိထားကြတဲ့ ဒု - သ - န - သော ဆိုတဲ့စကားလုံးတွေအကြောင်းနဲ့ ဒီအသံတွေကို ပြုကြတဲ့ ငရဲသားတွေရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ ဒီငရဲသားတွေရဲ့ အတိတ်ကလုပ်ခဲ့တဲ့ သူတပါးသားမယားကို ဖျက်စီးခဲ့တဲ့ ကာမေသုမိစ္ဆာစာရ ကံရဲ့တန်ပြန် သက်ရောက်မှု အကျိုးပေးရဲ့ ကြောက်စရာ ကောင်းပုံကို သိစေချင်တာ ဖြစ်ပါတယ်။ စေတနာ ရည်ရွယ်ချက် ရှိရှိနဲ့ ကျူးလွန်ခဲ့ကြတဲ့ အကုသိုလ် ကံတစ်ခုဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ခံရတတ်တဲ့ သဘောကို သဘောပေါက် နားလည်စေချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို အကုသိုလ်မျိုး မပြုဖြစ်အောင်ကိုယ်ကျင့် သီလကို အထူးလုံခြုံစေချင်တာ ဖြစ်ပါတယ်။
ဒါကြောင့် ဒု - သ - န - သောဆိုတဲ့ စကားလုံးတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာအဖြစ်အပျက် အဓိပ္ပါယ် တွေကိုကောင်းကောင်းနားလည် သဘောပေါက်ပြီး ရခဲတဲ့လူ့ဘ၀ကို ရထားကာ ဘုရားသာသနာနဲ့လည်း ကြုံနေကြတဲ့ အခိုက်မှာ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းရင်း ကုသိုလ် ကောင်းမှုများကိုပါ ရသမျှ စုဆောင်းနိုင်ကြဖို့ ဒီစာစုလေးနဲ့ အသိပေးရင်း ဒု သ န သောမှ ရှောင်နိုင်အောင် ကြိုးစားကြဖို့လည်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
From: အရှင်ဝိစိတ္တ (မနာပဒါယီ)
mmdailystar.com
င့ါအဖေ... မြန်မာ င့ါအမေ... မြန်မာ
င့ါအဖေ... မြန်မာ
င့ါအမေ... မြန်မာ
ဗုဒ္ဓဘာသာ မြန်မာလူမျိုး.. ဆိုတဲ့
သာသနာ့သွေး
ဘာသာ့သွေး
မြန်မာ ဆိုတဲ့ မာနသွေးတွေ...
ပြင်းပြင်းထန်ထန် .. လှိုက်လှိုက်လှဲလှဲ
ရဲရဲဝံ့ဝံ့.. ၀င့်ဝင့်ကြွားကြွား
စီးဆင်းထား သူမို့ .....
ဘာသာကိုလဲ ငါမပစ်
သာသနာကိုလဲ ငါမပစ်
တိုင်းပြည်ကိုလဲ ငါမပစ်
မိသားစုကိုလဲ ငါမပစ်
ငါချစ်တဲ့ ငါ့နိုင်ငံမှာ
" မြန်မာစစ်ရင် မာနကြီးရမယ် " လို့ 
ငါ ဘာသာ ငါဟစ်ကြွေး
ဘယ် ဆေးသားမှ အရောမခံ
ဘယ်သွေးကြားမှ အနှောမခံ..
နောက်တစ်ခါ ကျွန်ပြန်ဖြစ်ရင်
ပထမဦးဆုံး တော်လှန်ရေးသမား ဟာ
ငါပဲ ဖြစ်မယ် .. ...
ဧည့်သည် အဖြစ်နဲ့ ကမ္ဘာပတ်ပါ...
အိမ်ရှင် အဖြစ်နဲ့  ဧည့်ဝတ်ပြုပါ...
ဧည့်သည်တွေ ဖွဖွသွားတဲ့
အမှိုက်တွေကိုလည်း သေသေချာချာရှင်းလင်းပါ....
( ကလေးတွေ ကောက်ကောက်မစားမိပါစေနဲ့ )
ဧည့်သည်ကို ဧည့်ခန်းမှာသာ ဧည့်ခံပါ...
( အိမ်ဦးခန်းမှာ ဧည့်မခံမိပါစေနဲ့ . )
မင်္ဂလာသတို့ သား
မောင့်ကျက်သရေ ခေါင်းပေါင်းများကို
မြန်မာအမျိုးသားတွေ ဆောင်းပါစေ...
မြန်မာ့ နှလုံးသားကို
နိုင်ငံတကာ အ၀တ်အစားနဲ့ 
ဖုံးအုပ် ခြုံလွှမ်း အလှဆင်မြန်းချင် ဆင်မြန်းပါ..
မြန်မာ့ ကနုတ်ပန်းနဲ့ 
ကမ္ဘာ့မြေပုံကို ခွေ..ပတ်
မြန်မာပြည်ကို ချစ်တတ်ရင် တော်ပါပြီ.....
မောင်လှမျိုး ( ချင်းချောင်းခြံ )
Wednesday, June 24, 2015
မေတ္တာပို့ 
အဟံ အဝေရာ ဟောမိ၊ အဗျာပဇ္ဇောဟာမိ၊ အနီဃောဟောမိ၊ သုခီအတ္တာနံ ပရိဟရာမိ။
မမ မာတာပိတု၊ အာစရိယစ၊ဥာတိမိတ္တာစ၊ သဗြဟ္မစာရိနောစ၊ အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု
အနိဃာဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။ ဣမသ္မိ အာရာမေ သဗ္ဗေ ယောဂိနော
အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ အနိဃာဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
ဣမသ္မိ အာရာမေ သဗ္ဗေဘိက္ခု၊ သာမဏေရာစ၊ ဥပါသကာ ဥပါသိကာယောစ၊
အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ အနိဃာဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
အမှာကံ စတုပစ္စယဒါယကာ၊ အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ အနိဃာဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
အကျွန်ုပ်သည် ဘေးရန်ကင်းကွာချမ်းသာရပါလို၏
စိတ်ဆင်းရဲခြင်းကင်းရပါလို၏။ ကိုယ်ဆင်းရဲခြင်းကင်းရပါလို၏။
အကျွန်ုပ်၏ မိဘနှစ်ပါး၊ ဆရာသမားအားလုံး၊ ဥာတကာမိတ်ဆွေအားလုံး၊ တရားကျင့်ဖေါ်များအားလုံး
ဘေးရန်ကင်းကွာချမ်းသာကြပါစေ။ စိတ်ဆင်းရဲခြင်းကင်းကြပါစေ။ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ။
ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာမွေးမြူနိုင်ကြပါစေ။
ဤ အရံအတွင်းမှာ နေထိုင်ကြကုန်သော ယောဂီ သူတော်စင်အားလုံး

ဤ အရံအတွင်းမှာ နေထိုင်ကြကုန်သော ရဟန်းသာမဏေအားလုံး သူတော်စင်အမျိုးသား၊ သူတော်စင်အမျိုးသမီးအားလုံး

မေတ္တာဖြင့် 
စိုင်းခွန်းနော်

Subscribe to:
Comments (Atom)