WELCOME !

မင်္ဂလာပါ WE LOVE MYANMAR မှ လှိုက်လှဲနွေးထွေးစွာကြိုဆိုပါတယ်

Tuesday, April 14, 2020





ကြာနီကန်ဆရာတော်အကြောင်းကို သေသေချာချာလေး သိချင်သူများအတွက်  အရှင်တေဇပုလဲ  ရေးသားထားတဲ့စာစုကို ပြန်လည်ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။
မွေးဖွားခြင်း
စစ်ကိုင်းတိုင်း ငါန်းဇွန်မြို့နယ်၊ ရွှေတွင်းကုန်းကျေးရွာနေ ဦးရှိန်+ဒေါ်ဒွန်းတို့သည် ၁၂၉၄ ခုနှစ် တော်သလင်းလဆန်း ၁၄ ရက် အင်္ဂါနေ့ နာရီတိတိအချိန်တွင် ကြာနီကန်ဆရာတော်လောင်းလျာ ကို မွေးဖွားသန့်စင်ခဲ့ကြသည်။ မတင်၊ မမှုန်ကြီး၊ မလှဖွေး၊ မောင်စိုးတင်၊ မောင်စိုးရှင်ဟူ၍ သားသမီးငါးဦးရှိရာ ကြာနီကန်ဆရာတော် လောင်းလျာ မောင်စိုးတင်သည် လေးဦးမြောက်သားရတနာဖြစ်သည်။
၁၃၀၀ ပြည့် အရေးတော်ပုံကြီးပေါ်ပေါက်နေချိန်တွင် မိုးခေါင်ရေရှားမှုကြောင့် ကျွဲ၊ နွား တိရစ္ဆာန်များ သေကြေပျက်စီးကြသောကြောင့် ဦးရှိန်နှင့် ဒေါ်ဒွန်းတို့သည် သားသမီးများနှင့်အတူ ကြာနီကန်ရွာ၏ အရှေ့အရပ်ရှိ လျှော်ဖြူပင်ရွာသို့ ပြောင်းရွေ့ကာ လယ်လုပ်ခြင်း၊ ကျွဲနွား၊ သိုး၊ ဆိတ် မွေးမြူခြင်းအလုပ်ဖြင့် အသက်မွေး ဝမ်းကြောင်းကြသလို မိခင်ကြီးကလည်း ဒေသထွက်ကုန်များကို ရောင်းဝယ်ဖောက်ကားလျက် ဘဝကို ဖြတ်သန်းခဲ့ကြသည်။ ထိုလျှော်ဖြူပင်ရွာသည်လည်း မကြာခဏဆိုသလို လူဆိုးဓားပြများ၏ လုယက်တိုက်ခိုက်မှုကို ခံနေရသောကြောင့် ၁၃၀၂ ခုနှစ်တွင် ကြာနီကန်ရွာသို့ ပြောင်းရွေ့ခဲ့ကြရပြန်သည်။
ဤသို့ဖြင့် မောင်စိုးတင်မှာ တဖြည်းဖြည်း ကျောင်းနေအရွယ်သို့ပင် ရောက်ရှိလာခဲ့သည်။ တစ်နေ့ မောင်စိုးတင် နှင့် မောင်စိုးရှင်တို့ ညီအစ်ကိုနှစ်ယောက်အား ဖခင်ကြီးက လယ်တောသို့ ခေါ်လာခဲ့သည်။ ညီမောင်စိုးရှင်မှာ ထင်းတို၊ထင်းစလေးများ ကောက်၍ ဖခင်အား စွမ်းသမျှ ကူညီလုပ်ကိုင်ပေးသော်လည်း ကြာနီကန်လောင်းလျာ မောင်စိုးတင် သည်ကား အရိပ်ကောင်းကောင်း သစ်ပင်ကြီးအောက်တွင် ပုဆိုးခင်း၍ ခဲပြားခေါင်းခု အိပ်တော့သည်။ ထိုအခါ ဖခင်ဦးရှိန်က ရိုက်နှက်ခြင်းမပြုဘဲမင်း ကတော့ ကြီးလာရင် ဘုန်းကြီးဖြစ်မယ့်ကောင်ဟု မှတ်ချက်ပြုလေသည်။ ဆိုသည့်အတိုင်း မောင်စိုးတင်သည် နိုင်ငံကျော် ဓမ္မကထိက ကြာနီကန်ဆရာတော် ဖြစ်လာလိမ့်မည်ဟူ၍ကား ဖခင်ကြီးဦးရှိန် သိမသွားခဲ့ရှာပေ။
ပညာသင်ရန်အပ်နှံ
များမကြာမီတွင် မောင်စိုးတင်နှင့် မောင်စိုးရှင်တို့အား ပညာသင်ကြားရန်အလို့ငှာ နာမည်ကျော် ဓမ္မကထိက ဒုတိယ တောင်ကြာနီကန်ဆရာတော် ဦးဝဏ္ဏထံ သို့ အပ်နှံလိုက်ကြသည်။ ဆရာတော်ဦးဝဏ္ဏသည် ကျမ်းဂန်ပိဋကတ် ကျွမ်းကျင်နှံ့စပ်၍ မတ္တရာ တစ်နယ်လုံးရှိ ဝိနိစ္ဆယအဆုံးအဖြတ်များကို တာဝန်ယူ ဆောင်ရွက်ပေးရသော မဟာနာယက ဆရာတော်တစ်ပါးဖြစ်သည်။ ထို့အပြင် ဗိသုကာပညာ၊ ဂဏန်းသင်္ချာပညာနှင့် ပန်းရန်အတတ်၊ ကနုတ်ပန်းအတတ်ပညာတို့ကိုပါ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသလို ဘုရားတည်ဆောက်ပုံ သတ္တဌာနထားရှိပုံနှင့် နက္ခတ်ဗေဒင်ကအစ ရင်းနှီးကျွမ်းဝင်သည့် ဆရာတော်တစ်ပါးဖြစ်သည်။

ဘက်စုံတော်သည့် ဆရာတော်တစ်ပါးမို့ အပွေးမြင် အပင်သိကာ မောင်စိုးတင်တို့ ညီအစ်ကို နှစ်ဦးအား အများနှင့်ခွဲကာ က,ကြီး ,ကွေးမှစ၍ ကျနစွာ သင်ကြားပေးတော်မူသည်။ ဆရာတော်ကြီး၏ လက်ထပ်သင်ပြမှုကြောင့် အခြေခံ စာပေများကို တစ်နှစ်အတွင်း ပြီးမြောက်အောင်မြင်ခဲ့သည်။ သုံးနှစ်ခန့် သင်ကြားပြီးသောအခါ မောင်စိုးတင်သည် ကျောင်းသားကိုရင် လေးဆယ်ကျော်တို့အား ထပ်ဆင့် သင်ကြားပေးရသည့် လက်ထောက် ဆရာပေါက်စလေးတစ်ဦး ဖြစ်လာခဲ့သည်။
ရှင်သာမဏေဝတ်ခြင်း
မောင်စိုးတင် ၁၂ နှစ်သားအရွယ်ရောက်သောအခါ မိဘနှစ်ပါးက သားသမီးများကို ရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲကြီး ကျင်းပပေးလေသောကြာင့် မောင်စိုးတင်မှာ ကိုရင်ဇဋိလ၊ မောင်စိုးရှင်မှာ ကိုရင်ဝိမလဟူ၍ အမည်ဘွဲ့တော်များ ရရှိခဲ့ကြ၍ အူမြူးပျော်ရွှင်နေကြလေသည်။
ထို့နောက်တွင် ကိုရင်ဇဋိလနှင့် ရှင်ဝိမလတို့သည် သဒ္ဒါ၊ သြင်္ဂိုဟ်၊ ဇာတ်ကြီးဆယ်ဘွဲ့၊ ဋီကာ၊ ရူပသိဒ္ဓိ၊ ဝိနည်း၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဌာန်း၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်၊ နျာသ၊ မောဂ္ဂလာန်၊ ဂဠုန်ပျံဝိဂြိုဟ်နှင့် ရှင်နှောင်းငယ်ပျိုု့တို့ကို သင်ကြားတတ်မြောက်ခဲ့သည်။ ထို့အပြင် ဆရာတော်ဦးဝဏ္ဏမှ တရားဟောပုံဟောနည်း၊ စကားပြောပုံပြောနည်း၊ အနုပညာ၊ ပန်းချီ၊ ပန်းပု၊ ရေဆေးဓာတ်ပုံပညာနှင့် စက်မှုပညာပါမကျန် သင်ကြားခွင့် ရရှိခဲ့ကြသည်။ ထို့ကြောင့် ရှင်ဇဋိလအသက် ၁၆နှစ်ကျော် ၁၇ နှစ်အရွယ်ရောက်သောအခါ ဆရာတော်ဦးဝဏ္ဏ အုပ်ချုပ်သည့် သံဃာ့ဥပုသ်ပြု ဂိုဏ်းနှစ်ခုလုံးမှာ ရှင်မွန်လှတစ်ပါး ဟု ရေပန်းစားကျော်ကြားခဲ့သည်။
သီချင်းဝါသနာကြီးမားပုံ
ဤသို့ ကျော်ကြားသလို တစ်ဖက်မှာလည်း ဆရာတော်လစ်ရင် လစ်သလို သီချင်း ခိုးခိုးဆိုတတ်သည်။ သီချင်းမှာ သူ အလွန်ဝါသနာကြီးရသည့် အင်မတန် ချစ်မြတ်နိုးရသည့် အရာတစ်ခုဖြစ်သည်။ သီချင်းတစ်ပုဒ်ကို သုံးခေါက်နားထောင်ရုံနဲ့ အလွတ်ရသည်။ ထို့ကြောင့်လည်း သီချင်းအပုဒ်ရေ လေးရာကျော်အထိ အလွတ်ရသည်။ ခင်မောင်ရင်၊ ရွှေကျီးညို၊ ပဲခူးမြတို့ကတော့ သူ့အကြိုက်ဆုံး အဆိုတော်များဖြစ်ကြသည်။ အံ့အားသင့်စရာ ကောင်းသည်က ထိုအဆိုတော်များ၏ အသံကိုတုပြီး တူအောင် ဆိုနိုင်ခြင်းဖြစ်သည်။ ကျောင်းမှာလည်း ဓာတ်စက် တစ်လုံး အသင့်ရှိနေသည်မို့ အခွင့်သင့်လာတိုင်း သီချင်းဖွင့်လေ့ရှိသည်။ ဖွင့်သည့်အခါ ရွာထဲက လူငယ်လူရွယ်များလည်း လာရောက်နားထောင်ကြသည်။ ဆရာတော်ဦးဝဏ္ဏကလည်း အားကိုးရသည့် တပည့်ကြီးမို့ အတန်အသင့် အခွင့်အရေးပေးထားသည်။
တစ်ရက်မှာတော့ ရှင်ဇဋိလ သီချင်းဆိုနေစဉ် ဆရာတော်ဦးဝဏ္ဏနှင့် ပက်ပင်းမိလေသည်။ ထိုအခါက ဆရာတော်က ရှင်ဇဋိလအား တောင်ဝှေးနဲ့ သုံးလေးချက်ရိုက်ပြီး ရေဒဏ်ထမ်းခိုင်းသည်။ ရေဒဏ်မှာ ရေအိုးကြီးတစ်ခုထဲကို ရေထမ်းထည့်ရခြင်းဖြစ်သည်။ ထမ်းရသည့် အရာက ရေပုံးလို ကြီးကြီးမားမားမဟုတ်ဘဲ ညောင်ရေအိုးဖြစ်သည်။ ထို့ကြောင့် ရှင်ဇဋိလမှာ ညောင်ရေအိုးနှင့် ရေထမ်းလာပြီး ရေအိုးကြီးထဲ လောင်းထည့်နေရသည်။ ဘယ်တော့ပြည့်မလဲ ငုံ့ကြည့်လိုက်တဲ့အခါ ရေစပင် မမြင်ရ၍ စိတ်ဓာတ်ကျသွားသည်။ အတန်ကြာအောင် ထမ်းထည့်ပြီးသောအခါ ရှင်ဇဋိလ တွေးသည်။ဒါ သက်သက် ငါ့ ကို နှိပ်စက်တာ၊ ဒီတစ်ခါ ရိုက်ရင် အပြေးပဲဟု တွေးနေစဉ် ပိုးများက တရွရွ ထလာ၍ပပ ဝတီသီချင်းကို ကောက်ဟဲလိုက်သည်။
ရာသက်ပန် လင်မလုပ်ချင်လို့ အသွင်ယုတ်တယ်တဲ့ ပပဝတီရေ နှင်ထုတ်တယ်လေး အဲဟဲအဲဟယ်ခိုင်းရက်တယ်ဆိုပြီး ငယ်သံပါအောင် အော်ဆိုရာ ဘုန်းကြီးက မျက်မှန်ကြီးနှင့် လှမ်းကြည့်သည်။ ထိုအခါ ရှင်ဇဋိလကကြည့်ချင်ကြည့် ဒီခါ ရိုက်ရင် အလစ်ပဲဟု သဘောပိုက်ကာ သီချင်းကို ဆက်ဆိုသည်။ ထိုအခါဘုန်းကြီးကဟိုကောင် လာစမ်းဟု ခေါ်တော့သည်။ ရှင်ဇဋိလကဘုရားဟု အသံကျယ်ကျယ်နှင့် လျှောက်တော့ဘုရားလုပ်မနေနဲ့ သိမ်းတော့ဟု မိန့်ကြားလေမှ ရှင်ဇဋိလ အလုံးကြီးကျ ဝမ်းသာရလေတော့သည်။ ရှင်ဇဋိလသည် ဤသို့ မကြာမကြာ ဒဏ်ထမ်းရလေ့ရှိသည်။
နောင်မှာတော့ ဆရာတော်က တပည့်၏ ပညာရေး မနှောင့်နှေးလေရအောင်ဆိုပြီး ဓာတ်စက်ကို သိမ်းလိုက်သည်။ တစ်ရက်မှာတော့ ရှင်ဇဋိလနှင့် အခြားကိုရင်တစ်ပါး စာအံပြိုင်ကြရာ ရှင်ဇဋိလက အနိုင်ရလေသည်။ ထိုအခါ ပျော်လွန်းလို့ ရှင်ဇဋိလ မှာ ညသန်းခေါင်ရောက်သည့်တိုင် အိပ်မပျော်နိုင်ဘဲရှိချေ၏
သူသည် ဓာတ်စက်တွင် ဓာတ်ပြားတင်ပြီး ဖွင့်တဲ့အသံနှင့် တူအောင်လည်း လုပ်တတ်သေးသည်။ ထို့ကြောင့် ရေအိုးထဲ ခေါင်းစွပ်ပြီး လက်က ဓာတ်ပြားသံနှင့်တူအောင် အိုးခြမ်းကွဲနှင့် ရေအိုးဖင်ခြစ်လျက် ပါးစပ်ကပဒကုသလအမည်ရှိ သီချင်းကို တစ်ယောက်တည်း ဆိုလေသည်။အကြံရ ခက်ပါသနော်ဟု ဆိုလိုက်စဉ်မှာပဲဖြန်းဆိုတဲ့ အသံကြီးနှင့်အတူ သူ့ဖင်မှာ ကျိန်းစပ်သွားသည်။ ထို့ကြောင့် အိုးထဲက ခေါင်းကို ဆွဲထုတ်ရာ စွပ်တုန်းကရပြီး ပြန်ထုတ်ကာမှ ထုတ်မရဖြစ်နေသည်။ ဘယ်လို ထုတ်ထုတ် ထုတ်မရသည့်အဆုံး ကျောင်းတိုင်နဲ့ ရိုက်ခွဲလိုက်ရာ အိုးကွဲသွားပေမဲ့ အိုးလည်ပင်းက ခေါင်းမှာ စွပ်လျက်ကျန်နေခဲ့သည်။
ထိုအခါမှ မိမိဖင် ရိုက်တဲ့လူကို အသန်အသန်ရှာရာ ထန်းလက်ပြားကြီးကိုင်ပြီး ရပ်နေသည့် ဘုန်းကြီးဦးဝဏ္ဏကို တွေ့ရလေသည်။ သည်တော့မှ ကြောက်ကြောက်နဲ့ အိပ်ယာထဲ ပြေးဝင်ခဲ့ရသည်။ အိပ်ယာထဲရောက်မှ လည်ပင်းက ရေအိုးအနားသပ်ကို ဆွဲချွတ်ရာ နားရွက်တွေ ပွန်းအောင်ချွတ်မှ ကျွတ်သွားတော့သည်။
ဝါသနာက ကြီးလှသည်မို့ မည်သို့ ခံရခံရ အမှတ်သည်းခြေမရှိပေ။ ဆောင်းညတွေရောက်လေတိုင်း သီချင်းလေးတစ်ပုဒ် နှစ်ပုဒ်ဟပြီးမှ အိပ်ပျော်လေ့ရှိသည်။ ခုတော့ ဆောင်းရာသီမို့ မြူနှင်းတို့ဝေဆိုင်းပြီး မြောက်လေ တသွေးသွေးနှင့် အေး၍ မဆုံးဖြစ်နေသည်။
ရှင်ဇဋိလသည် ဆွမ်းစားပြီးစ တစ်ရေးတမော အိပ်စက်ရန် စောင်လိပ်လေးကို ခြေရင်းချလိုက်သည်။ သို့သော် ဆော့မြူးနေတဲ့ ဆောင်းလေကြားမှာ သည်အတိုင်း အိပ်လိုက်ရမှာကို သူနှမျောသည်။ ထို့ကြောင့် ဝါသနာပိုးအတိုင်း သီချင်းလေးတစ်ပုဒ်လောက် ညည်းလိုက်ဦးမည်ဟု တွေးကာ မေလှမြိုင်၏ သီချင်းတစ်ပုဒ်ကို ကောက်ဆိုလိုက်သည်။
မြောက်လေ အပြန်၊ ဟေမန်ဆောင်းရာသီ၊ ငွေချည် ငွေနှင်းကလေးတွေ ဖျန်းပက်နေတော့ …”ဖုန်း
ဤအထိသာ ဆိုလိုက်ရသည် ဖုန်းဟူသော အသံနှင့်အတူ ခြေထောက်ပေါ်သို့ ပြင်းထန်သော အားတစ်ခု ကျရောက်လာသောကြောင့်သည်ဆိုတာလေးတောင် ဆုံးအောင် မဆိုနိုင်တော့ဘဲ ကမန်းကတန်း မျက်စိ ဖွင့်ကြည့်ရာ ဘယ်ချိန်က ရောက်နေမှန်းမသိတဲ့ ဘုန်းကြီးဦးဝဏ္ဏကို တွေ့ရလေသည်။ သည်တော့မှ စောင်ဆွဲခြုံပြီး အိပ်လေတော့၏။
သူလည်းလေလောကီသားမို့
ရှင်ဇဋိလတွင် မောင်မြမောင် ဆိုသည့် သီချင်းဆိုဘက် သူငယ်ချင်းတစ်ယောက်ရှိသည်။ မောင်မြမောင် ကျောင်းလာတိုင်း ဘင်ဂျိုလေး အမြဲပါသည်။ မောင်မြမောင် ဘင်ဂျို တီးရင် ရှင်ဇဋိလက စည်းဝါးလိုက်သည်။ ရှင်ဇဋိလ တီးလျှင် မောင်မြမောင်က စည်းဝါးလိုက်သည်။ ထိုသို့ အနုပညာ ချစ်ကြသူချင်းမို့ သံယောဇဉ်ကြီးကြသည်။
တစ်နေ့ အချစ်ကြောင့်လားရယ်မသိ မောင်မြမောင်မှာ ကြိုးဆွဲချ သေသွားလေသည်။ ညနေပိုင်းမှာ ကြိုးတန်းလန်းနှင့် သေနေသည့် ဂီတသူငယ်ချင်းကြီးကို သွားကြည့်မိသည်။ မျက်လုံးကြီး ပြူးပြီး လျှာကြီးက အပြင်ဘက် ရှည်ထွက်နေသည်။ စိတ်မကောင်းလွန်း၍ ပြန်လာတဲ့ လမ်းတလျှောက် ထိုမြင်ကွင်းက မျက်လုံးထဲက မထွက်။ ကျောင်း ပြန်ရောက်သောအခါ ကျောင်းတော်ကြီးတစ်ခုလုံးက တိတ်ဆိတ် မည်းမှောင်နေသည်။ ကျောင်းဆောင် တံခါး ဆွဲဖွင့်ပြီး လှမ်းဝင်လိုက်စဉ်မှာ ကျောတပြင်လုံး ချမ်းသီးများ ထသွားသည်။ ထိုစဉ်ဝုန်းဆိုပြီး တစ်ခုခုပြုတ်ကျသံလို အသံကြီးလည်း ထိတ်ထိတ်လန့်လန့် ကြားရသည်။ မြမောင် လိုက်လာပြီဆိုတာ စိတ်ထဲက ထင်လိုက်၍ ရှင်ဇဋိလ မတရား ကြောက်လန့် ပျာယာခတ်သွားသည်။
တုန်ယင်သော လက်တို့နှင့် ဖရောင်းတိုင်ကို လိုက်စမ်းယူပြီး မီးခြစ်ကို ခြစ်မည်အပြု ဗီရိုပေါ်မှညောင်ဟူသော အသံထွက်လာသည်။ မြမောင် မဟုတ်ဘဲ အလှကြောင် ဖြစ်နေကြောင်း သိလိုက်ရတော့ ကြောက်စိတ်မှ ဒေါသစိတ်ပြောင်းကာ ထိုကြောင်ကို လိုက်ရိုက်မိလေသည်။ ကံကောင်းလို့ မကျိုး။ သည်အဖြစ်အပျက်မှာ သူငယ်ချင်း အချစ်ကြောင့် ကြုံခဲ့ရသည့် ဒုက္ခတစ်ခု ဖြစ်သည်။ နှလုံးသား အချစ်ကြောင့်လည်း ဒုက္ခတစ်ခု ကြုံဖူးသည်။
တစ်နေ့ ကြာနီကန်ကျောင်းတိုက်သို့ ညအိပ်ဧည့်သည်များ ရောက်ရှိလာကြသည်။ ထိုအထဲတွင် ရှင်ဇဋိလနှင့် အရွယ် မိန်းမပျိုလေးတစ်ဦးလည်း ပါလေ၏။ ၁၆၊ ၁၇ ဆိုသည်မှာ စိတ် ကစားတတ်သည့်အရွယ်မို့ အရွယ်တူ မိန်းမလှလေး မြင်ရသည့်အခါ ရှင်ဇဋိလမှာ လူငယ်တို့ ဘာသာဘာဝ မြင်မြင်ချင်း ချစ်ခင်စုံမက်မိသည်။ ထိုမိန်းကလေးအား ရင်တွင်းအသည်းက စွဲမြဲစွာ ချစ်နေမိသော်လည်း သူမထံသွား၍ ဇက်ဇက်ရဲရဲ စကား မဆိုရဲ။ ဝေးရာကသာ ငေးကာကြည့်ခြင်းကသာ သူ၏ အပြောင်မြောက်ဆုံး သတ္တိ။ မြတ်နိုးစွာ ခိုးကြည့်မိတိုင်း သူမမှာ ထိုင်လျက်သာ တွေ့မြင်ရသည်မို့ ဆင်မယဉ်သာ လမ်းလျှောက်ဟန်လေးကိုလည်း မြင်ချင်စမ်းပါဘိ။
ရှင်ဇဋိလ ခိုးခိုးကြည့်နေတာကို ကျောင်းရှိဦးပဉ္ဇင်းများပင် ရိပ်မိသိရှိသွားသည်။ ထိုအခါ ဦးပဉ္ဇင်းများကကြိုက်ရင် ခိုးကြည့်မနေနဲ့ စာပေးရတယ်ကွဟု စနောက် မြှောက်ပင့်ပေးကြသည်။ နောက်ဆုံးမှာတော့ အရဲစွန့်ပြီး စာပေးရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် အမြဲထိုင်နေတတ်သည့် မိန်းမချောလေး ထံသွား၍ ရေးထားသော ရည်းစားစာကို မျက်စိစုံမှိတ် ပေးလိုက်တော့သည်။
နောက်တစ်ရက်တွင် ထိုမိန်းမချောလေးက ရှင်ဇဋိလအား သူမနှင့် လာတွေ့ရန် ချိန်းဆိုသည်။ ချိန်းဆိုသည့် နေရာက လူသူကင်းရှင်းသည့် ချောင်ကျကျ နေရာမဟုတ်ဘဲ ကျောင်းထိုင် ဆရာတော်ကြီး၏ ရှေ့မှောက်တွင် ဖြစ်သည်။ မည်သို့ဖြစ်ဖြစ် မြတ်နိုးသူက ချိန်းဆိုသည်မို့ ဆရာတော့်ကျောင်းဆောင်သို့ ချိန်းထားသည့် အချိန်တွင် အရောက်လာခဲ့ရာ ဆရာတော့်ရှေ့တွင် ထိုင်လျက် ရောက်နှင့်နေသည့် သူမကို တွေ့ရသည်။
ရှင်ဇဋိလ ဝင်လာသည်အား မိန်းမချောလေး မြင်လေသောအခါ ထိုမိန်းမချောလေးက ဆရာတော်အား ဦးချ၍ ထသွားလေတော့သည်။ ထိုအခါ ရှင်ဇဋိလ မှာ အံ့အားသင့်သွားသည်။ အကြောင်းမှာ ထိုမိန်းမချောလေးသည် မွေးရာပါ ခြေမသန်စွမ်းသူ ဒုက္ခိတမလေး တစ်ဦးဖြစ်နေသောကြောင့်တည်း။
တပည့်တော်မလို ဒုက္ခိတမကြောင့် မြင့်မြတ်တဲ့ ကိုရင်ဘဝကို မစွန့်လွှတ်ချင်ပါနဲ့ ဘုရားဟု နှုတ်နှင့် မပြောဘဲ အပြုအမူဖြင့် ပညာသားပါပါ ဆုံးမသွားခြင်း ဖြစ်ပေသည်။ ချစ်မိပြီဆိုလျှင် ကျောက ဘုကြီးတောင် မြင်နိုင်စွမ်း မရှိ ဟု ဆိုစကားရှိသည်။ သို့သော်လည်း မိန်းမပျိုလေးက ကောင်းကောင်းကြီး ဆုံးမသွားသည်မို့ ချစ်ပင် ချစ်ငြား ရှေ့မတိုးအားတော့ပေ။
ဖခင်ကြီးအနိစ္စရောက်ခြင်း
ဘုန်းကြီးဦးဝဏ္ဏသည် ရှင်ဇဋိလအား မကြာမကြာ ဒဏ်ပေးတတ်သော်လည်း စာတော်သည့် ရှင်ဇဋိလကို အလွန်ချစ်ခင်သည်။ အားလည်းကိုးသည်။ ထို့ကြောင့် အနီးတွင် ခေါ်ထားပြီး မိမိကြွရာကိုလည်း အပါခေါ်သွားလေ့ရှိသည်။ အနီးတွင် ခေါ်ဆောင်ထားသော်လည်း တပည့်၏ တက်လမ်းကို ပိတ်ပင်ခြင်းမပြုဘဲ မန္တလေးသို့ ပညာသင်လွှတ်ရန် စီမံလေ၏။ ထိုသို့ စီမံနေဆဲတွင် ရှင်ဇဋိလ၏ ဖခင်ကြီးမှာ ကွယ်လွန်အနိစ္စ ရောက်ရှာသည်။ ထို့ကြောင့် ဖခင်၏ လုပ်ငန်း အမွေဆက်ခံရန် အစ်ကိုဖြစ်သူ ရှင်ဇဋိလကို မိခင်ကြီးက အားကိုးတကြီးနှင့် လူထွက်ရန် တောင်းဆိုလေသည်။
ရှင်ဇဋိလသည် ယခင်က ကိုရင် တစ်ကြိမ်ထွက်ခဲ့ဖူးသည်။ လူအများကြား ပုဆိုးခဏခဏ ကျွတ်ကျွတ်ကျ၍ ရှက်ပြီး ကိုရင်ပြန်ဝတ်ခဲ့ရသည်။ ယခု မိခင်ကြီးက ကိုရင်ထွက်ပါဟု တောင်းဆိုလာသောအချိန်တွင်ကား ရှင်ဇဋိလသည် ဘုရားသာသနာတော်မြတ်ကြီးကို အလွန်ချစ်မြတ်နိုးနေမိပြီဖြစ်သည်။ ထို့ကြောင့် ကိုရင်မထွက်လိုဟု ငြင်းဆိုလိုက်၍ ညီဖြစ်သူ ရှင်ဝိမလမှ ကိုရင်ထွက်ပေးခဲ့ရသည်။
ရဟန်းဖြစ်ခြင်း
သို့နှင့် ရှင်ဇဋိလမှာ အသက်နှစ်ဆယ် ပြည့်မြောက်ခဲ့လေသည်။ ထို့ကြောင့် တပည့်ရင်းမို့ သားရင်းပမာ ချစ်ခင်ရှာသည့် ဘုန်းကြီးဦးဝဏ္ဏက ကိုယ်တိုင် ရဟန်းခံပေးရန် စီစဉ်သည်။ သို့သော် ရှင်ဇဋိလ၏ မယ်တော်ကြီးက ကိုယ်တိုင် ပဉ္ဇင်းခံပေးလိုပါသည်ဟု အကြိမ်ကြိမ် တောင်းပန်မှုကြောင့်ကဲဒါဖြင့် မအေ ဆိုတော့ ဘယ်ငြင်းသာမလဲ ခွင့်ပြုပေးရမှာပေါ့ဟုဆိုကာ နောက်ဆုတ်ပေးလိုက်သည်။ ထို့ကြောင့် မယ်တော်ကြီး ဒေါ်ဒွန်းမှ ရှင်ဇဋိလအား ၁၃၁၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၅ ရက်နေ့တွင် ဆရာရင်း ဦးဝဏ္ဏအား ဥပဇ္ဈာယ်ပြုလျက် ဦးဇင်းတစ်ပါးအဖြစ်သို့ ရောက်ရှိခဲ့သည်။
ထိုရဟန်းခံပွဲ ပြီးသောအခါတွင် ဆရာတော်ဦးဝဏ္ဏက မိမိတပည့်၏ ပညာအစွမ်းကို အရောင်ထင်စေလိုသောဆန္ဒနှင့် အရှင်ဇဋိလအား ပထမဆုံးအနေနှင့် တရားဟော ရေစက်ချ ခိုင်းလေသည်။ အရှင်ဇဋိလသည်လည်း ပညာရဲရင့်၍ ပွဲအလယ်တွင် တွန့်မနေဘဲ ခြောက်ပေ၊ သုံးလက်မခန့်ရှိ သူ့အရပ်ကြီးနှင့် ပရိသတ်အကြားသို့ ခြင်္သေ့တစ်ကောင်ကဲ့သို့ ရဲရင့်စွာ လှမ်းဝင်ခဲ့သည်။ ဓမ္မာသန ပလ္လင်ရင်းသို့ ရောက်သောအခါ အော်ဒါမှာစီးရသည့် ဆယ့်နှစ်လက်မခွဲခန့်ရှိ ဖိနပ်ကြီးကို ချွတ်လိုက်သည်။ ပလ္လင်ပေါ် ထိုင်လိုက်သောအခါ ၁၆၄ ပေါင်ရှိသည့် သူ့ခန္ဓာကိုယ်၏ အလေးချိန်ကြောင့် ပလ္လင်မှာ ညွှတ်သွားသည်ဟုထင်ရသည်။
ထို့နောက် စူးရှတောက်ပသော မျက်လုံးများနှင့် ပရိသတ်အား အသံအားကောင်းကောင်းနှင့် နှုတ်စွမ်းပြ ဟောကြားလေသည်။ ရေစက်ချပြီးသောအခါ ပရိသတ်များက အသံကောင်း၊ အဟောကောင်း၊ အပြောကောင်းပြီး ဥပဓိရုပ် ကောင်းလှသည်ဟု ချီးကျူးကြပြီး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြလေသည်။ နိုင်ငံကျော် ဓမ္မကထိကကြီးဖြစ်ပါစေဟုလည်း ဆုတွေ အထပ်ထပ် ပေးသွားကြလေသည်။ ဘုန်းကြီးဦးဝဏ္ဏသည် ကိုယ်တိုင်လည်း ဓမ္မကထိကဖြစ်ပြီး ပါဠိသက်သက်ဖြင့် သုတ္တန်အဟောတွေမှာ နာမည်ကြီးသလို တပည့်တွေကိုလည်း လက်တွေ့သင်တန်း ပေးသည့်အနေနှင့် သာရေး နာရေးများတွင် ဟောပြောစေခဲ့သည်။ အရှင်ဇဋိလကိုကား အထူးမျှော်လင့်ထားသည်။ မျှော်လင့်ထားသလို ဘုန်းကြီးဦးဝဏ္ဏတပည့် တရားဟောကောင်းသည်ဟု ထိုနယ်တဝိုက်တွင် နာမည်ကျော်ကြားလာလေသည်။
စာသင်တိုက်သို့ပို့ခြင်း
ဆရာတော်ဦးဝဏ္ဏသည် မိမိတပည့်၏ ကိုယ်ရည်ကိုယ်သွေးအား ဤမျှနှင့် တင်းတိမ်မနေဘဲ မန္တလေးမြို့ စာသင်တိုက်သို့ ပို့ရန် စီစဉ်သည်။
မင်း မန္တလေးမှာနေရင် ,,, ဆိုတဲ့ အင်္ဂါလေးချက်နဲ့ အညီနေရမယ်။ စောစောထ၊ ဒုန်းပြေး၊ ဘုံလောင်းတိုးပြီး၊ ဝဝစားနိုင်ရမယ် ဒီလေးချက်နဲ့ ညီမှ မင်း မန္တလေးမှာ နေနိုင်လိမ့်မယ်ဟု ဆုံးမပြီး ခင်မကန်တိုက် အရှင်ဇဋိလ၏ ဦးရီးတော်စပ်သူ စာချဆရာတော် ဦးဇာဂရထံ အပ်နှံကာ ပညာရေနို့ သောက်စို့စေခဲ့ပြန်ပါသည်။
အရှင်ဇဋိလသည် ဆရာသမား၏ သြဝါဒအတိုင်း စောစောထ၊ ဒုန်းပြေးမတတ် ဘုံလောင်းကြွနေသော်လည်း ဝဝစားရသည့် ရက်က နည်းပါးလှသည်။ ယနေ့လည်း ထုံးစံအတိုင်း ဆွမ်းခံကြွလာရာ အိမ်တစ်အိမ်ရှေ့တွင် အငွေ့တထောင်းထောင်းနှင့် ဆွမ်းဇလုံကြီး ချထားသည်ကို တွေ့ရသည်။ ထို့ကြောင့် ခပ်သွက်သွက်လျှောက်ပြီး ဆွမ်းရပ်လိုက်သည်။ သို့သော် အတန်ကြာ ရပ်မိသည့်တိုင် ဆွမ်းလာလောင်းသည်ကို မတွေ့ရပေ။ ထို့ကြောင့် အိမ်ထဲသို့ လှမ်း၍ အကဲခတ်ကြည့်ရာ ဆေးပေါ့လိပ်ကြီး လက်ကြားညှပ်ပြီး ရေနွေးကြမ်းသောက်နေသည့် ပွဲစားကြီးကို တွေ့ရသည်။
ထိုအခါကျမှ ပွဲစားဒကာကြီးက သတိထားမိသွားပြီးဟေ့အဒေါ်ကြီး ကိုယ်တော်လေး ဆွမ်းရပ်နေတာကြာပြီ၊ မဏိနေပူလှပြီ၊ ဆွမ်းထွက်လောင်းလိုက်ဦးဆိုပြီး မိန်းမကို အော်ပြောလိုက်သည်။ ထိုအခါ မယားလုပ်သူကတော်ကလည်း ကိုယ်တိုင် လောင်းတော့ ငရဲကြီးမှာကျလို့ဟု ပြန်ပြောလေရာ ပွဲစားကြီးက ဆောင့်ကြီး အောင့်ကြီးနှင့် ထလာပြီး အရှင်ဇဋိလ သပိတ်ထဲသို့ ဆွမ်းများ အကုန်လောင်းထည့်လိုက်လေသည်။
သည်ကိုလှမ်းမြင်လိုက်တဲ့ အဒေါ်ကြီးကအဖိုးကြီး နောက်ကိုယ်တော်တွေ ကျန်သေးတယ်နော်ဟု လှမ်းသတိပေးလေရာ ပွဲစားကြီးကဆွမ်းလောင်းတာပဲ ကုန်သွား ပြီးရော့ပေါ့၊ ဖောက်သည်ချ မလောင်းနိုင်ဘူးဟု ပြန်အော်သဖြင့် လင်မယား အခြေအတင် စကားများပြီး နပမ်းမလုံးခင် အရှင်ဇဋိလမှာ သော့သော့ နှင်ခဲ့ရလေသည်။ သို့သော်လည်း ပွဲစားကြီးကျေးဇူးကြောင့် နေ့တွက်ကိုက်ပြီး စ၊ ဓ၊ ဘ၊ ဆောင်ပုဒ်လေးနှင့် ညီညွတ်ရပေတော့မည်။
တစ်နေ့တွင်လည်း မြို့တွင်းသို့ ဆွမ်းခံကြွလာစဉ် ကျောင်းသူတစ်ယောက် စီးလာသော စက်ဘီးနှင့် ဝင်တိုက်မိလေသည်။ သပိတ်လွတ်ကျ ဆွမ်းအစ်ခွက်တွေ မြေပေါ် ပြန့်ကျဲပြီး ရထားသမျှ ဆွမ်းနှင့် ဆွမ်းဟင်းတွေ မြေပြင်ပေါ် ပလဲကုန်သည်။ ယောင်္ကျားခြင်းဆိုရင် နပမ်းချရ အကောင်းသား မိန်းမသားဖြစ်နေ၍ မနည်း သီးခံပြန်ခဲ့ရသည်။ ကျောင်းပြန်ရောက်သောအခါ ထိုအဖြစ်အပျက်ကို ကဗျာကောက်စပ်ပြီး မန္တလေးထုတ် သတင်းစာတစ်စောင်မှာ ထည့်လိုက်ရာ ထိုကဗျာ ပါလာတော့သည်။
နောက်ရက် ဆွမ်းခံကြွချိန် စက်ဘီးနှင့် တိုက်ခံရသော နေရာသို့ ရောက်လာသောအခါ ရပ်စောင့်နေသည့် ကျောင်းသူလေးကို တွေ့ရသည်။ ပြီးနောက် အရှင်ဇဋိလကို တောင်းပန်ရှာသည်။ နောက် သတင်းစာထဲက ကဗျာကတပည့်တော်မကို စောင်း ရေးတာ မဟုတ်လားဘုရားဟု မေးရာ မျက်နှာပူပူဖြင့်အဲဒါ တည့်တည့်ရေးတာပဲဟု ပြန်ပြောရလေ၏။ ထိုအခါက ကျောင်းသူလေးက သူမ အိမ်သို့ ဆွမ်းခံကြွရန် လျှောက်ထားသဖြင့် ဆွမ်းခံအိမ်တစ်အိမ်တိုးခဲ့ရလေတော့သည်။
တစ်ရက်တွင်လည်း ဦးဇဋိလ ဆွမ်းခံကြွလာခဲ့သည်။ ဗမာအမျိုးသမီးနှင့် ညားထားသည့် တရုတ်ကြီး အိမ်ရှေ့ ရောက်သောအခါ ထိုအမျိုးသမီးကို မြင်လိုက်ရ၍ ဆွမ်းရပ်လိုက်သည်။ ထိုစဉ် သတင်းစာဖတ်နေသည့် တရုတ်ကြီးက အရင်မြင်ပြီး သူ့မျက်နှာကို သတင်းစာနှင့် ကွယ်သွားသည်။ တခဏအကြာ သတင်းစာရွက် နှိမ့်ပြီး လှမ်းကြည့်ရာ အရှင်ဇဋိလ မပြန်သေး၍ ပြန်ကွယ်သွားသည်။ ဗမာအမျိုးသမီးက မီးဖိုဆောင်ထဲ အလုပ်ရှုပ်နေ၍ ဦးဇဋိလ အား မတွေ့ပေ။ တရုတ်ကြီးက တတိယအကြိမ် ခိုးကြည့်ပြန်ရာ ရပ်နေဆဲ ဦးဇဋိလကို တွေ့ရ၍ စိတ်မရှည်နိုင်တော့ဘဲဟေ့..ဘုန်းကြီး ဆွားဆွား (သွား) ဟု နှင်ထုတ်တော့သည်။
ဦးဇဋိလကလည်း မသွားဘဲ ပေကပ်ရပ်နေသည်။ဟေ့..ဘုန်းကြီး ဆွားလို့ ပြောနေတာ မကြားဘူးလား ဆွားလေဟု ထပ်၍ နှင်ထုတ်ပြန်သည်။ ထိုအခါ ဦးဇဋိလလည်း လူပါးဝသည့် တရုတ်ကြီးအား အဟုတ်ကြီးဒေါပွားကာ သပိတ်ကတ္တရာပေါ်ချပြီး နပမ်းဝင်လုံးတော့သည်။ သည်အခါမှ မီးဖိုဆောင်ထဲက အမျိုးသမီးက အသံကြားလို့ ပြေးဝင်လာပြီး တောင်းပန်ရှာသည်။ ဦးဇဋိလအား ကျကျနနထိုင်ခိုင်းပြီး ကန်တော့သည်။ နောင် အမြဲဆွမ်းခံကြွဖို့လည်း လျှောက်ထားလေ၏။ ဦးဇဋိလမှာ နပမ်းတန်ခိုးနှင့် ဆွမ်းခံအိမ် တစ်အိမ်တိုးခဲ့ရပြန်လေ၏။
အရှင်ဇဋိလသည် ယင်းခင်မကန်တိုက်မှာပင် အငယ်တန်း၊ အလတ်တန်းနှင့် အကြီးတန်းတို့ကို မပင်မပမ်း အောင်မြင်တော်မူလေသည်။ ဦးရီးတော်က ငယ်လတ်ကြီးအတန်းတွေကို စာဝါပို့ချခိုင်းစေသောကြောင့်လည်း ပို့ချပေးရသည်။ ရဟန်းဝါ လေးဝါအရတွင် ဦးရီးတော်က စာချတန်းကို ကိုးကျမ်းလုံး နှစ်ချင်းပေါက် ပြီးစေလိုသောကြောင့် နေ့ညမအား ကြိုးစား၍ ပို့ချပြသပေးသည်။
သို့သော် ထိုအချိန်မှာ အရှင်ဇဋိလက တရားပွဲများ ဟောကြားနေရပြီမို့ ဆွမ်းကွမ်းမရှား၊ လာဘ်လာဘလေးများလည်း ရွှင်လာသည်။ ပင်ကိုယ်က အဟောအပြော ဝါသနာကြီးလှသည်မို့ စာပေသင်ယူရေးထက် ဟောရေးကို ပိုအားသန်သလိုရှိလာသည်။ မန္တလေးမြို့နေ ကြာနီကန်ရွာသား ပွဲစားများဖြစ်ကြသည့် ဦးဘလွန်း ဒေါ်မြမေ၊ ဦးသူတော်၊ ဦးမြဲ၊ စာရေးကြီးဦးစံအေး ဒေါ်သိန်းခင် ဦးနက်-ဒေါ်ပြိုင်၊ ဦးတင်မောင်-ဒေါ်နှင်းနွယ်၊ ဦးပေဒေါ်နှင်းမယ် စသော ရွာခံဒါယကာများက အရှင်ဇဋိလကို ပွဲထုတ်ပေးကြသည်။ ရပ်ကွက်ဓမ္မာရုံတွင်လည်း သီလပေးတရား ဥပုသ်နေ့တိုင်း ဟောရသည်။ ထို့ကြောင့် မကြာမကြာ ဝါစာနောက်ကျရသည်။ သီလပေး တရားဟောပြီးကာမှ မြင်းလှည်းနှင့် ကတိုက်ကရိုက်ရောက်လာတတ်သည်။
ထို့ကြောင့် တစ်ရက်တွင် ဦးရီးတော် ဦးဇာဂရက ဤသို့ သြဝါဒပေးလေ၏။
ပညာသင်ကြားနေသူဆိုတာ ဥဒေါင်းကလေးများကဲ့သို့ ကျင့်ကြရမယ်၊ ခွေးကလေးများကဲ့သို့ မကျင့်ရဘူး။ ဥဒေါင်းဆိုတာ ငယ်စဉ်က အင်မတန် ရုပ်ဆိုးပြီး လူမုန်းတဲ့ရုပ်မျိုး ကြီးပြင်းလာတဲ့အခါကျမှ အတောင်အလက်တွေစုံပြီး အလှမျိုး စုံလာတဲ့အတွက် အများနှစ်သက်ကြတယ်။
ခွေးလေးများကျတော့ မွေးစမှာ တယ်လှကြတယ်။ ကြီးလာတဲ့ အခါကျတော့ ပုံမပြေ ရုပ်ဆိုးလာတယ်။ ဒါကြောင့် ငယ်ရွယ်စဉ် ပညာသင်ချိန်မှာ ဒေါင်းလိုနေကြ၊ ခွေးလိုမနေကြနဲ့စသည်ဖြင့် ဆုံးမသည်။ သို့သော် အရှင်ဇဋိလ၏ ဓမ္မကထိကပိုးမှာ အရိုးထဲအထိ စိမ့်ဝင်နေပြီဖြစ်ရာ ဦးရီးတော်၏ သြဝါဒသည်လည်း မတိုးသာတော့ပေ။
ကြာနီကန်ဆရာတော်အကြောင်းကို သေသေချာချာလေး သိချင်သူများအတွက်  အရှင်တေဇပုလဲ  ရေးသားထားတဲ့စာစုကို ပြန်လည်ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။
ဓမ္မကထိကဖြစ်ရန်ရူးသွပ်ပုံ
အရှင်ဇဋိလ၏ ဓမ္မကထိက ပိုးမှာ ဗန္ဓုလဦးဆိုင်၏ တိုက်သစ်တက်ပွဲတွင် ရန်ကုန်မှ နိုင်ငံကျော် ဓမ္မကထိက ဦးေဥယျ၏ ကြိတ်ကြိတ်တိုး တရားပွဲကို သုံးညတိုင်တိုင် နာယူမိသောအခါ ပိုတိုးလို့ သွားတော့သည်။ တစ်နေ့ ငါလည်း ဦးေဥယျလို နိုင်ငံကျော် ဓမ္မကထိက ဖြစ်ရမယ်လို့ ဆုံးဖြတ်ချက် ချလိုက်သည်။
ထို့ကြောင့်လည်း ထိုတရားပွဲပြီးသောအခါ ဦးေဥယျထံ ဝင်ရောက်ဖူးတွေ့ပြီး ခွင့်တောင်းသည် တပည့်တော် ဓမ္မကထိက ဖြစ်ဖို့ ဝါသနာ ကြီးလွန်းပါတယ်ဘုရား၊ တပည့်တော် ဆရာတော်ကဲ့သို့ ဟောလို၍ ဆရာတော်နောက် လိုက်ခွင့်ပြုပါဟူ၍ လျှောက်ထားလေသည်။ ထိုအခါ ဆရာတော်ဦးေဥယျကဟောချင်ရင် ငါ့လို ပရိသတ်ကြီးများလို့ လေယူလေသိမ်း ကိုက်အောင် ဆိုကြည့်စမ်းဟု စေခိုင်းရာ အရှင်ဇဋိလက ဦးေဥယျ၏ လေယူလေသိမ်း အသံအတိုင်း တူအောင်ပရိသတ်ကြီးများဟုဆိုပြလျှင် ဦးေဥယျမှာ အရှင်ဇဋိလကို စိတ်ကြိုက်တွေ့သွားသည်။
ထို့ကြောင့် ဆရာတော်ကနောက်ပွဲတွေခေါ်မယ်၊ အခုတော့ ပညာပဲ ဆက်သင်ဦးဟု မိန့်ကြားသွားခဲ့သည်။ ၎င်းနောက်မှာတော့ အရှင်ဇဋိလသည် ဦးေဥယျ၏ အသံသွင်း ကြိုးခွေများကို နားထောင်ပြီး ဦးေဥယျကဲ့သို့ မတ်တတ်ရပ်၍ ဟောဟန်၊ လေယူလေသိမ်းနှင့်ပရိသတ်ကြီးများဟု ခေါ်ပုံကအစ အရူးအမူး လေ့ကျင့်တော့သည်။
ထိုစဉ်က ခုခေတ်လို လွယ်လွယ် တရားနာယူခွင့်မရသေးပေ။ ဗန္ဓုလဦးဆိုင်ထံတွင် သွင်းယူထားသည့် တရားခွေများရှိ၍ သိုသိုသိပ်သိပ်ဖွင့်သည်။ ဗန္ဓုလဦးဆိုင်သည် နံနက်လေးနာရီတွင် ဘုရားဝတ်တက်ပြီး ငါးနာရီတွင် ဆွမ်းလောင်းသည်။ ငါးနာရီနှင့် ခုနှစ်နာရီအကြား၌ ဦးေဥယျ၏ တရားတော်များကို ဖွင့်လေ့ရှိသည်။ ထိုအချိန်ဆိုလျှင် အရှင်ဇဋိလသည် ၎င်းအိမ်နား မြက်ခင်းပြင်တွင် သပိတ်ချ သင်္ကန်းခင်းပြီး ဖွင့်သမျှ မပြီးမချင်း နာယူသည်။ အိမ်ထဲသို့ ဝင်ခွင့်ရလျှင်လည်း ဝင်ပြီးကျုပ် သိပ်ဝါသနာကြီးလွန်းလို့ပါဗျာ ဦးေဥယျ တရားခွေတွေ ဖွင့်ပေးစမ်းပါလို့ ခခယယတောင်းပန်ပြီး မပြီးမချင်း နာယူတတ်သည်။ ဗန္ဓုလဦးဆိုင်ကလည်း တစ်ပုဒ်ဆုံးသည်နှင့်တပည့်တော်တို့ မအားသေးလို့ပါ ဘုရား၊ ဒါပဲဆိုပြီး ပိတ်လိုက်၍ အားမလို အားမရ ပြန်ခဲ့ရသည်။
ပြန်လာရာလမ်းတွင်လည်း ဦးေဥယျတရားဖွင့်သံကြားက ကြားတဲ့နေရာမှာ ရပ်ပြီး မဆုံးမချင်း နာယူသည်။ ဘယ်လောက်နာနာ ကြီးငွေ့သွားခြင်းမရှိသည့်အပြင် တရားဆုံးသွားမှာကိုပင် နှမျောနေသည်။ တစ်ခါတလေများဆို လမ်းမှာရပ်ပြီး တရားနာနေလို့ ဆွမ်းခံပင် မကြွလိုက်ရပေ။ ထိုအချိန်မျိုးဆိုလျှင် ဆွမ်းဒကာရင်း ပွဲစားကြီး ဦးမြဲ အိမ်သို့ ခပ်သုတ်သုတ်ကြွကာကျုပ် တရားနာနေလို့ နေမြင့်သွားတယ်၊ ဆွမ်းသာ လောင်းလိုက်ပါဟု အလှူခံပြီး ကျောင်းပြန်ခဲ့ရတာလည်း အကြိမ်ပေါင်းမနည်းပင်။
ဆရာတော်ဦးေဥယျ၏ အဂုၤလိမာလတရားကို နာပြီး ညတစ်နာရီထိုးချိန်ကြီးမှာ မအိပ်သေးဘဲ ဦးေဥယျဟန်အတိုင်း မတ်တတ်ရပ်ပြီး လေ့ကျင့်သည်။ ဦးေဥယျ၏အသံသည် မထေ့တထေ့လေးနှင့်ပရိသတ်ကြီး မှန်ရဲ့လားဆိုပြီးလားကို မပီတပီ ဆိုလေ့ရှိသည်။ ပြီးတော့မှဟေ့ပရိသတ်ကြီး မှန်ကြရဲ့လားဆိုတာကို အသံမြှင့်ပြီး မင်းသားကြီးအသံနှင့် ထပ်ဆင့်တတ်သည်။ ပြီးလျှင် တစ်ဆင့်တက်ပြီးမှန်တယ် ပရိသတ်တို့ မှန်လွန်းလို့ ခက်ကုန်ပြီဟု ဆိုကာ ပရိသတ်ကို အပါခေါ်သွားလေ့ရှိသည်။
အရှင်ဇဋိလလည်း ထိုနည်းအား အတုယူကာ အဂုၤလိမာလ တရားကိုဟောရင်းပရိသတ်ကြီး မှန်ရဲ့လားဟု မေးမေးပြီး လေ့ကျင့်နေလေသည်။ ထိုစဉ်မှာပဲ အောက်ထပ်မှာ ကျိန်းနေတဲ့ ဦးရီးတော်ဘုန်းကြီးကသူတောင်းစားနှယ် သူများတွေ အိပ်နေ နင်က ဘယ်သူ့ လက်နက်ချခိုင်းနေတာလဲဆိုသည့် ဆူသံကြီးကြားရ၍ ကပျာကယာ ထိုင်ချလိုက်ရသည်။ ထိုတစ်ညတော့ ဆက် မဟောရဲတော့ပေ။
နောက်ပိုင်းတွင် အရှင်ဇဋိလသည် မည်သည့်ဓမ္မကထိက ဖြစ်စေ နာတတ်လျှင် အမြတ် ဟုမှတ်ကာ တရားပွဲရှိရာ မေးမြန်းစုံစမ်းပြီး အရောက်သွားပြီး နာယူသည်။ နည်းယူလေ့လာခဲ့သော အကျော်အမော်ဆရာတော်များမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်၊ သီတဂူဆရာတော်၏ ငယ်ဆရာ အနီးစခန်းဆရာတော်၊ ဝိဇ္ဇောဒယဆရာတော်၊ ဆေးဝင်္ကဘာဆရာတော်၊ ကျိုက်ဝိုင်း ဦးဣန္ဒက၊ မန္တလေး ရိပ်သာဆရာတော်၊ နံယောဆရာတော် စသည်ဖြင့် မနာဖူးသည်မှာ မရှိသလောက်ပင်။
ထိုတင်မက လူပုဂ္ဂိုုုုလ် ဓမ္မကထိက အကျော်များဖြစ်သည့် ဦးလှသိန်း၊ ရွှေပြည် ဦးဘတင်၊ ဦးဆန်းထွန်း၊ ရတနာပုံ ဆရာချစ်၊ ဦးတင်အေး၊ ဦးအောင်ဒင်၊ ဦးချစ်မောင်နှင့် အမျိုးသမီး ဓမ္မကထိက မန္တလေး မထွန်းရှင်တို့ကိုပင် အလွတ်မပေး အပြေးနာယူခဲ့သည်။ ထို့ကြောင့် အရှင်ဇဋိလ၏ ဟောပြောမှု စွမ်းရည်မှာလည်း အံ့မခန်း တိုးတက်နေလေတော့သည်။
အရှင်ဇဋိလက ဤသို့ တရားပွဲမှန်သမျှ နာယူပြီး ပြန်ရောက်သည်နှင့် လေ့ကျင့်တော့သည်။ ဒါကို ဦးရီးတော်က ပညာရေး ဆုံးခန်း မတိုင်သေး၍ သဘောမကျလှပေ။ ထို့ကြောင့် အရှင်ဇဋိလမှာ နေ့စဉ်ဆိုသလို အဆူခံနေရသည်။
အရှင်ဇဋိလလူထွက်တော့မည်
တစ်နေ့ အရှင်ဇဋိလ ဂါထာတစ်ပုဒ်ကို စိတ်ပါလက်ပါ ရွတ်ဆိုနေစဉ် ဦးရီးတော်ရောက်လာပြီး ဆူငေါက်လေ၏။ သည်တစ်ကြိမ်တွင် အရှင်ဇဋိလမှာ အင်မတန် ဝမ်းနည်းသွားသည်။ မကျစဖူး စိတ်ဓာတ်လည်း ကျသွားသည်။ ဓမ္မကထိက လုပ်ရန် အိပ်မက်ပင် ဝေဝါးသွားတော့သည်။ မိမိဖြစ်ချင်သည့် ဓမ္မကထိက ဖြစ်ခွင့်မရမှတော့ သာသနာ့ဘောင် မနေ လူထွက်တော့မည် ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် လူဝတ်ကြောင် ဘဝတွင် အသက်မွေးမြူနိုင်ရန် လက်နှိပ်စက်ရိုက်ပညာ၊ နာရီပြင်ပညာ၊ ဓာတ်ပုံပညာနှင့် စက်ချုပ်ပညာများကို သင်ယူလေတော့သည်။
ထိုသတင်းကို ဦးရီးတော်ဦးဇာဂရ ကြားသိသောအခါ အရှင်ဇဋိလအား ရှေ့မှောက်သို့ခေါ်လေ၏။ ခေါ်ပြီးတဲ့အခါဒီနေ့ ညနေ လေးနာရီ၊ လမ်းလယ်ဘုရားမှာ သီလပေး ပင့်ထားတယ်၊ အဲဒါ မင်းလိုက်သွားပြီး တရားလေး ဘာလေး တတ်သလောက် မှတ်သလောက် ဟောခဲ့ပေါ့ကွာဟု ဆိုကာ ချော့မော့ စေလွှတ်လိုက်လေသည်။
တူတော်မောင်၏ ဝါသနာကို ဘယ်လိုမှ ထိန်းမရနိုင်သည်ကို ကောင်းကောင်း သိရသောအခါ ဓမ္မကထိက အလုပ်ဟာလည်း သာသနာ ပြန့်ပွားရေးပါပဲ ဟု စိတ်လျော့ကာ အရှင်ဇဋိလ၏ အိပ်မက်ကို ခွင့်ပြုပေးလိုက်ရတော့သည်။ လုပ်ချင်တာ လုပ်ခွင့်ရသွားသည့်အတွက် အရှင်ဇဋိလသည်လည်း လူထွက်မည့် အစီစဉ်ကို ပယ်ဖျက်လိုက်လေတော့သည်။ ထိုစဉ်က အရှင်ဇဋိလ လူထွက်ဖြစ်ခဲ့လျှင် ယနေ့ လူအများမှာ ကြာနီကန်တရားဆိုသည်ကို နာယူခွင့် ရကြလိမ့်မည် မဟုတ်ပေ။
တရားဟောဖို့လမ်းစပေါ်ပြီ
မြစ်သားမြို့ အရှေ့ဘက် ကသဲကုန်းရွာတွင် ဆောက်လုပ်ဆဲ ဓမ္မာရုံကြီးတစ်ခုရှိသည်။ ထိုဓမ္မာရုံကြီးတွင် တရားဟောလိုလျှင် နိုင်ငံ မကျော်သော်လည်း ဖြစ်ဖြစ်မြောက်မြောက် ဟောတတ်လျှင် ဟောခွင့်ပြုသည်။ တရားဟော လေ့ကျင့်ရေး စခန်းတစ်ခု ဟု ဆိုလျှင် ပိုမှန်မည်ထင်သည်။ နိုင်ငံကျော်ဓမ္မ
ထိုသို့ ဟောလာရင်းက ဦးသောင်းတင်၊ ဦးချစ်ပို၊ ဦးတင်၊ ဦးကြည်အေး တို့လို အကျိုးတော်ဆောင် ဒကာရင်းများ ပေါ်ပေါက်လာရသလို ပရိသတ်လည်း အတန်အသင့် ရရှိခဲ့လေသည်။ ဤဓမ္မာရုံကြီးသည် အရှင်ဇဋိလအား ကြာနီကန်ဆရာတော်ဟူ၍ နိုင်ငံကျော်ဖြစ်လာစေရန် များစွာ အကူအထောက်ပြုခဲ့ပါသည်။
သီချင်းလည်းရေးသည်။
ဤသို့ ဓမ္မကထိကဖြစ်ရန် ကြိုးစားနေသလို တစ်ဖက်မှာလည်းမောင်ညွန့်ဝေကလောင်အမည်နှင့် သီချင်းများကို ကိုယ်တိုင် ရေးစပ်သည်။ အရှင်ဇဋိလ ကိုယ်တိုင်ရေးသည့်ကြာနီကန် ဖိတ်ခေါ်သံသီချင်းမှာ လွန်စွာနာမည်ကြီးသည်။ ဓာတ်ပြားသီချင်းများစွာကိုလည်း ကူးယူကျက်မှတ်ခဲ့သည်။ ထိုစဉ်က နာမည်ကျော် အဆိုတော်များထဲမှ တက္ကသိုလ် မြကြီး နှင့် မေလှမြိုင်တို့ကိုလည်း အသည်းစွဲသည်။ ဘယ်လောက် အသည်းစွဲသလဲဆိုလျှင် လူချင်းတွေ့ပြီး သီချင်းဆိုပြခိုင်းသည်အထိပင်။
တစ်ခါက မန္တလေးကျုံးနဘေးတွင် မေလှမြိုင်၊ ရန်နိုင်စိန်နှင့် ဝေသာလီ မောင်ဖုန်းတို့ လာရောက် ဖျော်ဖြေကြသည်။ ထိုအခါ အရှင်ဇဋိလသည် ဦးဇနက ဆိုသည့် အတန်းဖော် သူငယ်ချင်းတစ်ပါးကိုခေါ်ကာ ဇာတ်ရုံနောက်ပေါက်မှဝင်၍ မေလှမြိုင်နှင့် သွားတွေ့သည်။ မေလှမြိုင်ကလည်း ရိုရိုသေသေ ဦးချပြီး စကားစမြည် မေးမြန်းလျှောက်ထားရာ အရှင်ဇဋိလကလက်စွမ်းပြချိန်အမည်ရသည့် သီချင်းကို ဆိုပြရန် တောင်းဆိုလေ၏။
မေလှမြိုင်သည် ဆိုခိုင်းသည့် သီချင်းအား ကြည်ကြည်ဖြူဖြူနှင့်ပင် မေးကလေး ထိုးကာ ဇက်ကလေး ငဲ့ကာနှင့် လည်ပင်းကြောထောင်ခြင်း အလျင်းမရှိဘဲ သာသာယာယာ ဆိုပြရာ အရှင်ဇဋိလမှာ နားထောင်လို့ မဝအောင်ဖြစ်ခဲ့ရသည်။ ဓမ္မကထိက ပိုးကြီးသလို သီချင်းရောဂါမှာလည်း နောက်ဆုံးအဆင့် ရောဂါသည် တစ်ယောက်ဟု ဆိုရမည့် သူပါတကား။
ကြာနီကန်ရွာသို့ပြန်ရခြင်း
တစ်နေ့တော့ ဓမ္မကထိကရူး သီချင်းရူး အရှင်ဇဋိလထံမှာ ကျောက်ကြီးရောဂါ ပြင်းထန်စွာ စွဲကပ်လာတော့သည်။ မန်ကျီးစေ့ခန့် ကျောက်ပေါက်ခွက်တို့သည် မျက်နှာတပြင်လုံး ပြန့်နှံ့နေသည်မို့ လူတောမတိုးရဲအောင် ဆိုးဝါးလာသည်။ ရောဂါပြင်းထန်လွန်း၍ ငယ်ဆရာ ဦးဝဏ္ဏနှင့် တူရင်း ကိုကျော်သိန်း၊ မပိုက်မိ တို့က မန္တလေးအထိ လိုက်လာပြီး ကိုယ်ဖိရင်ဖိ ပြုစုပေးကြရသည်။ အနည်းငယ် သက်သာစပြုလာချိန်မှာတော့ ကြာနီကန်ရွာသို့ ပြန်ခေါ်ခဲ့ရပါတော့သည်။ နေ့စဉ်ရက်ဆက် သနပ်ခါးရွက်ကြိတ်ရည်၊ သနပ်ခါးမြစ် သွေးရည်စသည့် ဆေးအမျိုးမျိုးဖြင့် လိမ်းလည်းလိမ်း၊ တိုက်လည်းတိုက်ပြီး ကုသပေးကြရသည်။ တစ်နှစ်ခန့်ကြာမှ အရာအစင်းများပင် မရှိတော့ အောင် ကုသပေးနိုင်ခဲ့ကြပါတော့သည်။
ဤသို့ ရောဂါပျောက်သောအခါ အရှင်ဇဋိလက မန္တလေးသို့ပြန်ပြီး စာချတန်း ပြီးအောင်ဖြေဆိုဖို့ ကြံရွယ်သည်။ သို့သော်လည်း ငယ်ဆရာဦးဝဏ္ဏကမောင်ဇဋိလ ရာ အောက်ခြေသိမ်း စာပေ ကျွမ်းကျင်မှုရှိသားပဲ တော်လောက်ရော့ပေါ့၊ မင်း မယ်တော်ကြီးလည်း အသက်ကြီးပါပြီ၊ လက်ရှိ ကိုရင်တွေကို စာချကွာ၊ တရားလည်း နယ်ထဲ လှည့်ဟောပေါ့၊ ငါ့ သဘောတော့ ဒီအတိုင်း ကြိုက်တာပဲဟု မိန့်ကြားလေသောကြောင့် ဆရာ့ဆန္ဒအတိုင်း ကြာနီကန်ရွာကျောင်းရှိ ဦးဇင်း၊ ကိုရင်နှင့် ကျောင်းသားများကို စာချပေးရင်းနှင့် တရားဟောရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပါတော့သည်။
တရားဟောစထွက်ပြီ
ဦးဇဋိလသည် စာပေများ ပို့ချနေရင်းက တရားဟောရန် အကြောင်းဖန်လာသည်။ ဆရာတော်ဦးဝဏ္ဏ၏ ရဟန်းဒကာမိသားစုမှ ဦးအောင်ဘ၏ ခမည်းတော် ကွယ်လွန်လေရာ ထိုပွဲတွင် ဆရာတော်ဦးဝဏ္ဏက တပည့်ဇဋိလ အား တရားဟော စေလွှတ်လိုက်သည်။ ထို့ကြောင့် ဦးဇဋိလ ကြွသွားပြီး တရားပွဲများ ဟောကြားရသည်။ ဟောကြားခဲ့သော တရားတော်များမှာ နိုင်ငံကျော် လူဓမ္မကထိက ဦးလှသိန်း၏ အနန္တဂုဏ်ရည်တွင် ဧရကပတ္တ နဂါးမင်း နှင့် ဥတ္တရလုလင် တို့ ကဿ ပဘုရားလက်ထက်တွင် ကျွတ်တမ်းဝင်ကြပုံကို အသံတူ၊ ဟန်တူ ဟောပြောလိုက်ရာ ပရိသတ်အများမှာ လွန်စွာ အံ့အားသင့် ချီးကျူးပြောဆိုကြလေ၏။
ဦးဇဋိလသည် ထို့နောက်ပိုင်း ဟိုတစ်စ၊ သည်တစ်စ တရားပွဲများဟောနေရင်းက ဒကာရင်းများဖြစ်ကြသော ဦးချစ်ပို ဦးကြည်အေး၊ ဦးတင် တို့က ပင့်လျှောက်သဖြင့် မိမိ စတင်အဟော ကျင့်ခဲ့သည့် ကသဲကုန်းသို့ ကြွကာ ပရိသတ် ၁၀၀၊ ၁၅၀ တို့အား တစ်ည တစ်ဇာတ်ထုပ်နှုန်းဖြင့် ခြောက်ညဆက်တိုက် ဟောကြားပေးခဲ့သည်။ ဟောခဲ့သောတရားများမှာ အောင်ခြင်းရှစ်ပါး၊ အရှင်သာရိပုတ္တရာ မယ်တော်ချွတ်ခန်း သုဝဏ္ဏသျှံ၊ အဂုၤလိမာလ၊ သံယောဇ တို့ဖြစ်ကြသည်။
ထို ကသဲကုန်း ပြီးနောက် အင်းဝ ဥယျဉ်ရွာသို့ ကြွ၍ စာသင်ဖက် သူငယ်ချင်းတစ်ပါး၏ ဆောက်လုပ်စ သိမ်တော်ကြီးကို ပြီးစီးအောင်မြင်နိုင်အောင် သူ၏ အဟောစွမ်းရည်ဖြင့် ပြီးမြောက်အောင် ကူညီပေးခဲ့သည်။ ဤသို့နှင့် ဦးဇဋိလသည် တစ်နေရာတွင် တစ်ပွဲမှ ဆယ်ပွဲအထိ ဟောကြားလာခဲ့ရကာ မတ္တရာနယ်သူကြီး ၆၄ တစ်ခုလုံးတွင် မလပ်အောင် ဟောကြားခဲ့ပြီး ဖြစ်သည်။ တရားဟောကြားရင်း နဝကမ္မလေးလည်း အတန်အသင့် ရရှိခဲ့၍ ထိုဝတ္ထုငွေလေးနှင့် အသံချဲ့စက် တစ်လုံး ဝယ်လိုက်သည်။ အသံချဲ့စက်တွင်လည်းရတနာပုံ ညွန့်ဝေဆိုပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးလိုက်သည်။
နောက်ပိုင်းတွင် သာသနာပြု အသုံးစရိတ်အတွက် ပင့်သည့်နေရာသာမက မပင့်သည်နေရာများသို့လည်း ကြွရောက်ပြီး ဟောကြားရန် စိတ်ကူးရလာသည်။ ထို့ကြောင့် လှည်းပေါ် အသံချဲ့စက်တင်ကာ တပည့်များဖြစ်ကြသည့် ကိုဘိုနီနှင့် ကိုကြီးမောင် တို့နှင့်အတူ သာသနာပြုခရီး ထွက်ခဲ့ကြသည်။
မောင်းထုတ်ခံရခြင်း
သို့နှင့် ပထမဆုံး ကြွလာခဲ့သည့် ရွာမှာ သုံးဆယ်ပြေး ရွာဖြစ်သည်။ ထိုရွာလူကြီးမှာ ဘုန်းကြီးလူထွက်ဖြစ်ပြီး အိမ်ခြေ ၆၀၀ ကျော် ၇၀၀ ရှိသည့် ရွာကြီးတစ်ရွာ ဖြစ်သည်။ ထိုရွာထဲသို့ လှည်းမောင်း ဝင်ရန် အားထုတ်ရာ အဝင်မခံဘဲ သူကြီးအမိန့်ဖြင့် တားမြစ်ခံရလေသည်။ သို့သော် လွယ်လင့်တကူ ဇွဲလျော့ခြင်း မပြုဘဲ ရွာအနောက်ဖျားရှိ ကြာနီကန်ရွာသား ကိုသောကြာ၏ အိမ်ရှေ့ ကုက္ကိုလ်ပင်ပေါ် အသံချဲ့စက်တင်ပြီး ဦးလှသိန်း၏ ဥတ္တရလုလင်ဇာတ်ကို ဦးလှသိန်းအသံအတိုင်း ဟောကြားလေ၏။
ထိုအခါ သူကြီးကိုယ်တိုင် လာရောက်၍ ဆရာတော်ဦးဝဏ္ဏ၏ တပည့်မှန်း မသိ၍ တားမြစ်မိကြောင်း တောင်းပန်ပြီး ညတရားပွဲ လျှောက်ထားကာ စီစဉ်ပေးလေ၏။ ထိုဒုတိယည တရားပွဲတွင် ပရိသတ် ၂၀၀ ခန့်ရှိပြီး ဝတ္ထုငွေနှင့် လှူဖွယ်အစုစုတို့ကိုလည်း လှူဒါန်းကြလေသည်။
ထိုမှတဖန် ထိုရွာနှင့် သုံးလေးမိုင်ဝေးသော ဒုန်းကုန်းရွာသို့ ခရီးဆက်ခဲ့ကြလေသည်။ ထိုရွာလူကြီးသည်လည်း ရွာထဲဝင်ရန် တားမြစ်ခံရပြန်သည်။ ဤသို့ တားမြစ်ခံရ၍ စိတ်ပျော့ လက်လျော့လိုက်မည်ဆိုပါက ကြာနီကန်ဟူ၍ နိုင်ငံကျော်ခွင့် ရလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် မည်ကဲ့သို့ အခက်အခဲ ကြုံကြုံ ဇွဲမလျော့ ရွာထဲလည်း မဝင်ဘဲနှင့် ရွာထိပ်ရှိ ကုက္ကိုလ်ပင်ပေါ်မှာ အော်လံကို တင်၊ သေတ္တာပေါ် ပုဆိုးခင်း တင်ပလ္လင်ခွေထိုင်ကာ တစ်ကိုယ်တည်း ပရိသတ်မပါ ဗလာ တရားဟောကြားလေတော့သည်။
ဦးဇဋိလ ဟောကြားလိုက်သော တရားအား ကြားနာလိုက်ရသောရွာသားများသည် ထွက်လာကြပြီး တောင်းပန်စကား လျှောက်ထားကြလေ၏။ ရွာထဲသို့ ပင့်ကာ ညတရားပွဲလည်း စီစဉ်ပေးကြလေ၏။ နိုင်ငံကျော် ကြာနီကန်ဆရာတော် ဟု ဖြစ်လာရန် ဤသို့သော ခါးသီးမှုများကို ကျော်လွှားခဲ့ရသည်။ အောင်မြင်မှု သရဖူကို လွယ်လင့်တကူ ရယူနိုင်ခဲ့ခြင်း မဟုတ်ပေ။
ဦးဇဋိလသည် ထိုသို့သော အခက်အခဲ အငြိုအငြင် များစွာကို ကြုံတွေ့ရပြီးနောက် ကြံခင်းမြို့ ကံကြီး၊ ကံပြင်၊ မင်းဂံ၊ ဘုတ်၊ လွန်ဒေါင်း၊ စလွန်ဖြူ၊ တောင်ပြုန်း၊ ငါန်းဇွန်၊ ကသာ၊ မဘိမ်း၊ မိုးမိတ်၊ ဗန်းမော်၊ မြစ်ကြီးနားမြို့တို့တွင် ဘောလုံးကွင်းအပြည့် ပရိသတ်များကို တရားဟောကြားခဲ့ရသည်။ ထိုပွဲများကိုတော့ သာသနာပြုအသုံးစရိတ်အတွက် မဟုတ်တော့ဘဲ မိမိကျောင်းတွင် သုံးထပ်သာသနာ့ဗိမာန်ကြီး ဆောက်လုပ်ရန် ဟောကြားခဲ့ခြင်းဖြစ်သည်။ ဤဗိမာန်တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ မိမိဆရာဦးဝဏ္ဏအား ကျောင်းကောင်းကောင်းနှင့် သီတင်းသုံးစေလို၍ ဖြစ်သည်။
ဦးဇဋိလ နာမည်ရစပြုလာချိန်မှာ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးရှိ ဒေါ်တင်မိသားစုမှ တလတိတိ တရားပွဲပင့်ဖိတ်သဖြင့် ကြွရောက်ဟောကြားခဲ့ရာ တရားတစ်ပုဒ်မှ ထပ်ခြင်းမရှိ၍ တရားနာပရိသတ်မှာ ကြည်ညိုလေးစား အံ့အားသင့်ကြလေ၏။ သို့နှင့် မတ္တရာ၊ ပုသိမ်ကြီးတို့တွင် မဟောဖူးသည့် နေရာမရှိ ဟောပြီးသောအခါ အမရပူရ၊ မန္တလေးတို့သို့ ခြေဆန့်လာခဲ့သည်။ မန္တလေးတွင် စက်ရှင်ရပ် မီးပြဓမ္မာရုံ၊ မြို့မရုပ်ရှင်ရုံ၊ တရုတ်တန်းနှင့် ကုသိုလ်တော်ဘုရားတို့တွင် ဟောကြားခဲ့ရသည်။ သို့သော်လည်း ပရိသတ်မှာ ထောင်ဂဏန်းပင် မပြည့်ပါ။ ထိုအချိန်အထိ ကြာနီကန်ဆရာတော်ဟူ၍ ဖြစ်မလာသေးပေ။
အောင်မြင်မှုလမ်းစ
ဦးဇဋိလ အောင်မြင်ရန် လမ်းစအစစ်မှာ မြင်းခြံမြို့ ၁၂ မုဒ်စေတီဟု ဆိုရမည်။ ထိုစေတီပွဲမှာပင် နိုင်ငံကျော် ဓမ္မကထိက ဦးဇဋိလ ဟု ဆိုင်းဘုတ်ဆွဲကာ တစ်လခွဲတိတိ ဇာတ်ပွဲများနှင့် ယှဉ်ပြိုင်ဟောခဲ့သည်။ မြို့တော်သိန်းအောင်က ယနေ့ည က,ပြမည့် ပြဇာတ်အမည်မှာမိခင်ရွှေလက် တေးပုခက်ကြော်ငြာထားလျှင် ဦးဇဋိလကမေမေ နှင်ထုတ် တေးတစ်ပုဒ်အမည်ပေး၍ အငို၊ အလွမ်း၊ အလင်္ကာ ဆောင်ပုဒ်၊ ပုံတိုပတ်စများ ညှပ်ထည့်ကာ ဝေဝေဆာဆာ ဟောကြားသည်။သဘင်သည် မဝင်ရအမည်နှင့် က,ပြလျှင် ဦးဇဋိလကအနုပညာရှင် ဝင်ချင်ဝင်တရားအမည်နှင့် ကြော်ငြာ၍ အမည်နှင့်တရား လိုက်လျောညီစွာ ဟောကြားခဲ့သည်။
ထို့ကြောင့် ပရိသတ်မှာ ဇာတ်ရုံက ထွက်လျှင် တရားပွဲရောက်လာကြသည်။ ဇာတ်ပွဲများဖြစ်ကြသည့် ဝင်းဗိုလ်၊ ကနက်စိန်၊ ပန်တျာ မြဝင်း၊ ရွှေနန်းတင်၊ ငါးမည်ရ တင်သိန်းတို့ ဇာတ်သမားများ ပြောင်းသွားကြသော်လည်း ကြာနီကန်တရားပွဲက ရှိမြဲပင်။ ပရိသတ်များမှာလည်း မြင်းခြံမြို့ပေါ်ကသာ မက နွားထိုးကြီး တောင်သာ၊ တလုတ်မြို့၊ မိတ္ထီလာ၊ တပ်ကုန်း၊ ပျဉ်းမနားတို့မှ လာကြ၍ အလင်းပေါက် နာယူကြသည်။ ထို့ကြောင့်လည်း ဦးဇဋိလ၏ နာမည်ဂုဏ်သတင်းသည် အထူးကျော်ကြားလာခဲ့သည်။ တရားဟောစဉ်ကိုလည်း ယခင်လို ယပ်ထောင် မဟုတ်တော့ဘဲ ယပ်လှဲတရားကို ကိုယ်ပိုင်ဟန်နှင့် ပေါင်းစပ်ပြီး ကောင်းသထက် ကောင်းအောင် ဟောကြားသည်။
ကြာနီကန်ဟု နိုင်ငံကျော်စေရန် ဒုတိယ အကြောင်းရင်းမှာ သပြေတေးသံသွင်းမှ တစ်ပြည်လုံးသို့ ဖြန့်ချိလိုက်ခြင်းဖြစ်သည်။ ထိုအခါ ကြာနီကန်၏ တရားဟောဟန်၊ ခေတ်နှင့်ညီသည့် ဆန်းသစ်မှုတို့ကြောင့် ဦးဇဋိလ၏ တရားများမှာ တောမီးပမာ တစ်ပြည်လုံးသို့ ပြန့်နှံ့သွားတော့သည်။ ထိုမှတစ်ဆင့် ရန်ကုန်မြို့ စူပါဟိုက်တေးသံသွင်းမှ ထပ်ဆင့် သွင်းယူ ဖြန့်ချိပြန်သောကြောင့် အထက်ပိုင်းနှင့် အောက်ပိုင်းတွင် တဟုန်ထိုး ကျော်ကြားသွားသည်။ နောက်ပိုင်းတွင် တေးသံသွင်းများဖြစ်ကြသည့် စေတမန်၊ အကိုင်း၊ ကရဝိတ်၊ ပုဂံ၊ တေးပုလဲတို့ကလည်း သွင်းယူ ဖြန့်ချိကြရာ တစ်ပြည်လုံးသို့ လွှမ်းခြုံကျော်ကြားသွားတော့သည်။
ဆရာတော်သည် အစပိုင်းတွင် ဝိပဿ နာတရား ဟောကြားပြီး နောက်ပိုင်းကို ဇာတ်ထုပ်ကို ဟောလေ့ရှိသည်။ တေးသံသွင်းများက အရောင်းသွက်သည့် ဇာတ်ထုပ်များကိုသာ သွင်းယူဖြန့်ချိကြသောကြောင့် အချို့ကသီချင်းဆိုပြီး ငိုနေတဲ့ ဘုန်းကြီးဟု အထင်လွဲကြသည်။ ဆရာတော့်တရားမှာ စီ၉၀ သွင်းမှ ပြည့်စုံမည်ဖြစ်သော်လည်း တေးသံသွင်းများက စီ ၆၀ ထဲ ထည့်သွင်းပြီး ရောင်းချသဖြင့် ဇာတ်ကြော ဖြတ်သွားသည်များလည်းရှိသလို ဇာတ်လမ်းပျက်သွားသည်များလည်းရှိသည်။ ထို့ကြောင့် ဆရာတော်က တရားခွေများအား မိမိမသိဘဲ မဖြတ်တောက်၊ မဖြန့်ချိကြဖို့ မေတ္တာ ရပ်ခံခဲ့ရသည်။ နောင်တွင်တော့ ဆရာတော်နှင့် ဦးဝဏ္ဏတို့ တည်းဖြတ်ပေးပြီးမှသာ တစ်နိုင်ငံလုံးကို ဖြန့်ချိခွင့်ပြုခဲ့သည်။ ၎င်းနောက်မှာတော့ အထက်မြန်မာပြည် အောက်မြန်မာပြည် တရားပွဲများ အားလပ်ရက်မရှိ ဟောကြားရတော့၏။
ငယ်ဆရာပျံလွန်တော်မူပြီ
ထိုသို့ တရားပွဲများ လှည့်လည် ဟောကြားနေရင်းက အဖလည်းဟုတ်၊ ဆရာလည်းဟုတ်သည့် ဆရာတော် ဦးဝဏ္ဏ ပျံလွန်တော်မူသည့် သီတင်းကို စို့နင့်ကြေကွဲစွာ ကြားသိရသည်။ ထို့ကြောင့် ကြာနီကန်ရွာသို့ ချက်ခြင်း ပြန်လာခဲ့ပြီး ဦးဝဏ္ဏ၏ အန္တိမဈာပနကို ဇာတ်သဘင်၊ အငြိမ့်များဖြင့် တခမ်းတနားပြုလုပ်ပေးသည်။ အရိုးတော်များကို ရွှေလောင်းတောင်ပေါ်တွင် ဂူဘုရားအဖြစ် တည်ထားလေသည်။ ထို့နောက်မှာတော့ ကြာနီကန်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်တစ်ပါး ဖြစ်လာခဲ့သည်။
အောင်မြင်မှုအထွဋ်အထိပ်
သည့်နောက်တွင် ဆရာတော်၏ အောင်မြင်မှုမှာ အထွဋ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ စိန်အောင်မင်း၊ စိန်မာဒင်၊ ဒဂုန်အောင် စသည့် ဇာတ်၊ ရုပ်သေးများဖြင့် ယှဉ်ပြိုင်ဟောကြားသော်လည်း မည်သည့်အခါမှ ရှုံးလေ့မရှိဘဲ နိုင်သည်ချည်းဖြစ်သည်။ ပရိသတ်မှာလည်း တရားပွဲမို့ ငြီးငွေ့သွားသည်မရှိဘဲ ဇာတ်ရုံထရံများ ဖွင့်ပေးရသည်အထိ ကြိတ်ကြိတ်တိုး များပြားခဲ့သည်။
မြင်းခြံမြို့ ၁၂ မုဒ်စေတီတွင် ကနက်စိန်ဇာတ်နှင့် သူ့ဟွန်းသံကိုယ်ကြား၊ ကိုယ့်ဟွန်းသံ သူကြား မျက်နှာချင်းဆိုင် ဟောရသည်။ ဆရာတော် ဟောနေစဉ် ကနက်စိန်ဇာတ်ကဒက်..ဒက်ဒက်ဒုန်းဆိုတဲ့ ပြဇာတ်တိုက်ပွဲ ပစ်ခတ်သံတွေ ဆူညံစွာထွက်လာပြီး ဇာတ်ရုံထက်သို့ မီးခိုးလုံးကြီးများ တက်တက်လာသည်။ အတိုင်းသား ကြားနေရ၍ တရားနာပရိသတ်မှာ ဟိုဘက်စိတ်ရောက်သွားကြသည်။ ဆက်ဟော၍ မဖြစ်တော့မှန်း သိလိုက်တဲ့ ဆရာတော်ကကဲ ခင်များတို့ ပြဇာတ် နားထောင်ချင် နားထောင်လိုက်ကြဦး၊ ကျုပ် မောလို့ ခဏနားဦးမယ်ဟု အချိုသပ် ရပ်ပေးလိုက်သည်။
ထိုသို့ ရပ်ပေးခြင်းမှာ အကြောင်းရှိသည်။ တဝုန်းဝုန်းနှင့် ခွဲနေသော ဗြောက်အိုးတစ်လုံးလျှင် ရှစ်ကျပ်တန်သည်။ အကုန်ကျများ၍ ကြာကြာ မပစ်နိုင်မှန်း ဆရာတော်က သိပြီးဖြစ်သောကြောင့် ခဏရပ်ပေးလိုက်ခြင်းဖြစ်သည်။ အတန်ကြာသောအခါ တွက်ထားသည့်အတိုင်း အသံတွေ ငြိမ်သက်သွားသည်။ ထိုအချိန်ကို စောင့်နေသည့် ဆရာတော်က တရားပွဲ ပြန်စကာအမှောင်ဘဝ သူ့နောင်တတရားမှ မယား၏ နှင်ထုတ်ခြင်းကို ခံရရှာသည့် မောင်သံယောဇ၏ ငိုပုံအား စွဲစွဲငင်ငင် အသံအားကောင်းကောင်းနှင့် ဤသို့ ငိုလေတော့သည်။
ရှု့မဝတဲ့ အခါမှာ……..သုတ ခင်ကညာ မယဉ်ကျေးလိုက်ပုံက နောက်မှတွေ့တဲ့ လင်ငယ်လေးကို အားရစေဖို့ လင်ကြီးမောင် ဗျာပါပွေရအောင် ဟေး…….မယ်သုတရဲ့..နှင်ရက်လေအား…………နှင်ရက်လေအား………….. ဆိုပြီး ချွဲချွဲပစ်ပစ် ငိုချင်းလေး ဟစ်လိုက်သည်ဆိုလျှင်ပဲဟာဟေ့ကောင်တွေ ဘုန်းကြီးလည်း ငိုသဟဟု ဆို၍ ဇာတ်ရုံထဲက လူတွေ အလုအယက် ပြေးထွက်လာကြရာ တရားပွဲရုံကြီးပင် ပြည့်လျှံသွားတော့သည်။ ဆရာတော်က ဆက်၍ ငိုသည်။
တွေးဆလို့ ရှု့လိုက်ပါဦး မယ်သုတရဲ့လေးဝါစု ဆိုတာဟာ အပါယ်ဘုံ ဒုဂ္ဂတိလမ်းပေမို့….ကြည့်စမ်းကွယ် ကျုပ် တကယ် သွားရမယ်တဲ့ …..အမယ် မင်း တွေးဆလို့ သနား …….သနား…..” ဟု ဆရာတော် ကိုယ်တိုင်ရေးငိုချင်းသံကို ကြားရသော ပရိသတ်များမှာ ငိုနေသည့်ပါးစပ်အား ကြည်လို၍ ရှေ့သို့ တိုးကာ တိုးကာတက်လာကြလေသည်။ အံ့ဖွယ်ဆရာတော်ပါပေ။
အလွမ်းဇာတ်သိမ်း မမငြိမ်း (ပဋာစာရီ) တရားကို ဟောကြားစဉ်က အလွမ်းတွေကို ပစ်စလက်ခတ်သုံးပြီး ဟောကြားရာ ပရိသတ်အလယ်က အမေကြီးတစ်ဦးသည်သားဇဋိလဟု အော်ခေါ်ပြီး တက်လာသည်။ ဆရာတော်လည်း မိမိဘွဲ့ခေါ်သံကြား၍ ဘာဖြစ်ပါလိမ့် အရင်ဘဝက မိခင်ဟောင်းလား ဟု တွေးကာ တရားပွဲခဏ ရပ်ပေးလိုက်ရသည်။ မေးမြန်းစုံစမ်းကြည့်ကာမှ မကြာသေးမီက ပျံလွန်တော်မူသွားသည့် သူ့သားပဉ္ဇင်း အရှင်ဇဋိလကို သတိရပြီး အလွမ်းဓာတ်ခံဖြင့် ထငိုခြင်းဖြစ်ကြောင်း သိရလေသည်။
ဆရာတော်သည် ဤသို့ တရားနာပရိသတ်ကို လွမ်းအောင်၊ သနားအောင် ဆွဲဆောင် ဟောနိုင်သလို တဝေါဝေါ ပွဲကျအောင်လည်း ဟောစွမ်းနိုင်သည်။ ဆရာတော်၏ ဟောပြောမှုစွမ်းရည်ကြောင့် ပရိသတ်၏ ရယ်မောသံမှာ ဝေါကနဲ၊ ဝေါကနဲ ထွက်ထွက်လာသည့် အသံကြားပြီး ဇာတ်သဘင် အတီးသမားများမှာ ဟိုခေါက်၊ သည်တီးနှင့် အယောင်ယောင် အမှားမှားတွေ ဖြစ်နေ၍ ဟွန်းဘက်ပြောင်းပေးရန် လာတောင်းပန်ကြရသည့် ဇာတ်သမားများ အများအပြားရှိလေသည်။ တော်တန်ရုံ ဇာတ်လောက်ကတော့ ကြာနီကန်ဆရာတော်က လိမ့်ထွက်သွားအောင် ဟောနိုင်သည်။ ဆရာတော် ဟောသံကို နားထောင်ရုံဆိုလျှင် လည်ပင်းကြော ထောင်အောင် အော်နေသည် ဟု အထင်မှားတတ်ကြသော်လည်း တကယ်တမ်းမှာ မပင်မပမ်း ပါးစပ်လှုပ်ရုံသာ ဟောသည်မို့ ဘယ်လောက်ဟောဟော မောပမ်းသွားသည်မရှိပေ။
ထိုသို့ ဟောကြားနေရင်းက အမြင်မတူသူတို့၏ နှောက်ယှက်မှုကိုလည်း ကြုံရသည်။ တစ်ခါက အရက်၏ ဆိုးကျိုးများကို ကောင်းကောင်းကြီး ဟောကြားနေစဉ် အရက်သမားတစ်ယောက် ဝင်လာပြီးကိုယ်နဲ့ မဆိုင်ဘဲနဲ့ သူများကို ဘာလို့ စော်ကားတာလဲဟု လက်ညှိုးလျက် ကြိမ်းလေသည်။ ရုတ်တရက်မို့ ကြာနီကန်ဆရာတော်က ရပ်လိုက်ရာ တရားပွဲမှာ တိတ်ဆိတ်သွားသည်။ လုံခြုံရေးများကို ဆွဲထုတ်၊ မောင်းနှင်ပစ်ကြဖို့လည်း ဆရာတော်က မခိုင်းဘဲ သည်တိုင်းသာ အသာကြည့်နေသည်။ အတန်ကြာသောအခါ ပရိသတ်ထဲက အမျိုးသမီးကြီးတစ်ဦး ထလာပြီး ထိုအမူးသမားအား ခေါ်ထုတ်သွားလေ၏။ ထိုအခါမှ တရားကို ဆက်ဟောခဲ့လေသည်။
နောက်တစ်ရက်တွင် ထိုအမူးသမားနှင့် သူ၏ မိခင်တို့ ဆရာတော့်ထံ လာတောင်းပန်သည်။ ငမူးမှာလည်း အမူးပြေနေပြီမို့ ဆရာတော်အား ရှိခိုးကန်တော့ကာ အရက်ကို နောင် မသောက်တော့ပါဟု လှူလေ၏။ ဆရာတော်ကလည်း ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပေးခဲ့ပြီး နောင် ဤသို့ မပြုမိစေရန် ဆုံးမပေးလိုက်လေ၏။
ကြာနီကန်ဆရာတော်မှာ အရက်သမားနှင့် အကျိုးပေးသည် ဆိုရမည်။ မြင်းခြံမြို့မှ ကိုမောင်ငွေ ဆိုသော သူသည်လည်း အရက်မူးနေလျက်က ကြာနီကန်တရားကို ရှေ့ဆုံးက လာနာသည်။ ဆရာတော် ဟောသောအခါ အရက်သံနှင့်တင်ပါ့လိုက်နေသည်မှာ တရားဆုံးသည်အထိပင်။ နောက်ရက်တွင်မူးကြောင်၊ မူးကြောင်နှင့်တင်ပါ့လုပ်ရကောင်းလားဟု ညီအစ်ကို၊ မောင်နှမတို့က ပြောဆိုကြရာ ရှက်လွန်းလို့ ဆိုပြီး ကြာနီကန်ဆရာတော်ထံ လာ လျှောက်ကြားပြီး အရက်ကို စွန့်လှူသွားလေသည်။ ကြာနီကန်ဆရာတော်ထံတွင် ဤသို့ အရက်လာလှူ သွားသူ အများအပြားရှိလေသည်။
အောက်ခြေဓမ္မကထိက
ကြာနီကန်ဆရာတော်၏ တရားများသည် စာမတတ်သူနှင့် ကလေးသူငယ်တို့အတွက် အဓိကထား ဟောကြားသော တရားများဖြစ်သည်။ ထို့ကြောင့် အောက်ခြေ လှေကားထစ် ဓမ္မကထိက ဖြစ်ကြောင်း မကြာမကြာ ရိုးသားစွာ ဝန်ခံလေ့ရှိသည်။ ဘာသာခြားများပင် ကြာနီကန်တရားကို နာပြီး ဗုဒ္ဓအကြောင်း ကောင်းကောင်းသိခဲ့ရသည်။
ပြည်မြို့ ရွှေဆံတော်ခြေရင်းက လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးမောင်နီဆိုသော ပေါက်ဖော်ကြီး တစ်ယောက်ရှိသည်။ ထိုပေါက်ဖော်ကြီးဆိုလျှင် ကြာနီကန်တရား မနာဖူးခင်က ဘုရားမသိ တရားမသိသလို ဘုန်းကြီးလည်း မရှိခိုးပေ။ ကြာနီကန်ဆရာတော်၏ တရားကို နာယူမိသောအခါ ကြိုက်လွန်းလို့ ရန်ကုန်အထိ တက်ပြီး တရားဇာတ်ထုပ်ပေါင်း ရှစ်ဆယ်ခန့်အထိ ဝယ်ကာ သူ့ဆိုင် လာသမျှ လူတိုင်းကို ကြာနီကန်တရား ဖွင့်ပြလေ့ရှိသည်။
တစ်နေ့ သူ့ဆိုင် လက်ဖက်ရည် လာသောက်သူတစ်ဦးကဒီဆရာတော် သီချင်းဆိုပြီး ငိုနေတာ မဖွင့်ပါနဲ့ဗျာဟု ဆိုလာ၍ ပေါက်ဖော်ကြီးကမင်း ဝိပဿ နာ တရားဆို နာမှာလားဟု မေးရာ ထိုလူကဒီဘုန်းကြီး ဘယ်တုန်းက ဝိဿ နာ ဟောလို့လဲဟု သရော်လေသည်။ ထိုအခါ ပေါက်ဖော်ကြီးကဒီမယ် တရားဆုံးအောင် နာရင် လက်ဖက်ရည်၊ မုန့်၊ ဆေးလိပ် အလကားတိုက်မယ် မင်း ဝိဿ နာ အခွေကို ဆုံးအောင် နာမလားဟု ပြန်မေးရာအံမာ ဒီကိုယ်တော် ဝိဿ နာဟောရင် ဆုံးအောင် နာမယ်ဗျာဟု ဆိုလေ၏ ထိုအခါ ပေါက်ဖော်ကြီးက ကြာနီကန်ဆရာတော် ဟောကြားထားသည့်သက္ကာယ ဒိဌိဖြုတ်ခန်းဝိဿ နာ တရားကို ဖွင့်ပြလေ၏။ အတန်ကြာ နာယူပြီးသောအခါ ထိုလူကကောင်းပါတယ်ဗျာ၊ ကျုပ်က ဒီလို မဟောဘူးမှတ်လို့ ကျုပ် အိမ်မှာ အလုပ်လေးရှိလို့ဟု ဆိုကာ ထရပ်လေသည်။
ပေါက်ဖော်ကြီးကခင်များ ပြန်တော့ မလို့လားမေးတော့ ပြန်တော့မယ် ဟု ဆိုသည်။ သည်တော့ ပေါက်ဖော်ကြီးကမုန့်ဖိုးက ဘယ်လောက်၊ လက်ဖက်ရည်ဖိုးက ဘယ်လောက်၊ ဆေးလိပ်ဖိုးက ဘယ်လောက်ဟု ပြောကာ ပိုက်ဆံတောင်းလေ၏။ ထိုလူကခင်များပြောတော့ အလကားတိုက်မယ်ဆိုဗျဟု မေးရာဟုတ်တယ်လေ မင်းမှ တရား ဆုံးအောင် မနာတာ အဲတော့ ပိုက်ဆံပေးရမှာပေါ့ဟု ပြောကာ တောင်းယူလေ၏။
ပေါက်ဖော်ကြီး ရိပ်သာတစ်ခုသို့ တရားစခန်း ဝင်နေစဉ်ကလည်း လူကြီးတချို့က ကြာနီကန်ဆရာတော်ကို ဝေဖန်နေကြသည်ကို ပေါက်ဖော်ကြီး ကြားလိုက်ရသည်။
ကြာနီကန်ဆရာတော် တရားက သီချင်း ဆိုသံတွေနဲ့ ဆိုတော့ ကျုပ်တို့ ဝိပဿ နာလုပ်ငန်းတွေ ခွကျကုန်တော့မှာပဲဟု ကြားသဖြင့် ပေါက်ဖော်ကြီး ဦးမောင်နီက မခံနိုင်ဘဲကြာနီကန်ဆရာတော်ကို အပြစ်မပြောကြပါနဲ့ဗျာ၊ ခင်များတို့ ရိပ်သာကို ကျုပ် တရုတ်မောင်နီရောက်လာတာ ကြာနီကန်ဆရာတော် တပ်ပေးလိုက်တဲ့ လှေကားနဲ့ ရောက်လာတာပါ၊ ကျုပ် က ဘုန်းကြီးလည်း မရှိခိုးဘူး၊ တရားလည်း မနာဘူး၊ ကြာနီကန်ဆရာတော် တရားနာပြီးမှ ဝိပဿ နာ ကူးမယ်ဆိုပြီး ခင်များတို့ဆီ ရောက်လာတာ ခင်များတို့ ရိပ်သာ လူတစ်ယောက်တိုးတာ ကြာနီကန်ဆရာတော်ကြောင့်ပါ၊ ဒီလိုသာ ကြာနီကန်ဆရာတော်ကို အပြစ်ပြောနေမယ်ဆိုရင် ခင်များတို့ ရိပ်သာ လူတစ်ယောက် လျော့ပြီသာမှတ်၊ ကျုပ် ပြန်မယ်ဟု ဝင်ပြောပြီး ထပြန်မည်ပြုရာ ထိုလူတစ်စုကဟာဗျာ ကြာနီကန်ဆရာတော်လည်း ဝိပဿ နာ ဟောရင် တကယ် ကောင်းပါတယ်၊ အဆိုအငိုလေးတွေ နည်းနည်း လျှော့ရင် ကောင်းပါတယ်ဟု ပြောကာ ဝိုင်းတားကြလေ၏။
အပုပ်ချခံရခြင်း
ကြာနီကန်ဆရာတော် ဤသို့ လျှမ်းလျှမ်းတောက် ကျော်ကြားလာသောအခါ အောင်မြင်သူတို့၏ ထုံးစံအတိုင်း မကောင်းသတင်းများ အလွှင့်ခံရသည်။ ကြာနီကန်ဆရာတော် လူထွက်သွားပြီ ဟု သတင်း အမျိုးမျိုး ထုတ်ခံရသည်။ 

ဇာတ်သ ိလို့သာ အပြစ်ပြောခံရသည်ဟု နှလုံးသွင်းလျက် ခွင့်လွှတ်ပေးခဲ့သည်ချည်းဖြစ်သည်။ အသက်အားဖြင့်လည်း ၄၅ နှစ်ပြည့်ခဲ့ပြီမို့ လိုင်းပြောင်းပြီး အဆို၊ အငိုမပါ ပုံတိုပတ်စတို့ဖြင့်သာ ဟောရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
မင်းကွန်းဆရာတော်စသောဆရာတော်ကြီးများ၏ အားပေးထောက်ခံမှု
ဆိုတာ ငိုတာကို ကြိုက်သူနှင့် မကြိုက်သူတို့တွင် ကြိုက်သူက အပြတ်အသတ် ပိုမိုများပြားသည်။ ထိုကြိုက်သည့် အထဲတွင် မင်းကွန်းဆရာတော်ကြီးလည်း အပါအဝင်ဖြစ်သည်။ ဉာဏ်အကောင်းဆုံးသူအဖြစ် ကမ္ဘာ့မှတ်တမ်းဂင်းနစ်စံချိန်ဝင် မင်းကွန်းဆရာတော်ကြီးနှင့် မြင်းခြံမြို့တွင် တွေ့ဆုံခဲ့စဉ်က ဆရာတော်ကြီးကဦးဇဋိလ ဆရာတော်တို့ကို အားနာပြီးတော့ မဟောရဲ၊ မပြောရဲ မဖြစ်နဲ့၊ ဦးဇဋိလ ဟောတဲ့ တရားတွေဟာ ဓမ္မဓိဌာန်ကျပြီး လူငယ်လူရွယ်တွေအတွက် အောက်ခြေသိမ်းတွေ အများကြီးပါတယ်။ ဟောသာဟောပါ။
ဆရာတော်တို့က တိပိဋကဓရနှင့် ကိုက်ညီအောင် ပိဋကတ် တွေရွတ်ပြီး ပါဠိအတိုင်း မြန်မာပြန် ဟောနေရပေမဲ့ ပုံတိုပတ်စတွေနဲ့ ပဒေသာလို စုံနေအောင် ဟောလို့ မရပါဘူး။ ဦးဇဋိလလည်း ပါရမီထူးတဲ့ ပုဂ္ဂိုလ်ပါ။ ပါရမီထူးတဲ့အတိုင်း ရှေ့ဆက်ပြီး ဟောသာ ဟောပါဟု အားပေးတိုက်တွန်းခဲ့သလို ဆရာတော်၏ ဇာတိရွာသို့ပင် သုံးညဆက် တရားဟောရန် တောင်းဆို၍ လယ်တီဦးဝိလာသ က ရှေ့ပိုင်းဟောပြီး ပရိသတ်ထိန်းနိုင်သည့် ကြာနီကန်ဆရာတော်က နောက်ပိုင်းဟောအဖြစ် တာဝန်ယူ ဟောကြားပေးခဲ့ဖူးသည်။ မင်းကွန်းဆရာတော်ကြီးသည် အဆိုအငိုတို့ကို အားပေးခြင်းမဟုတ်ဘဲ ထိုအဆိုအငိုတို့ကြောင့် များစွာသော လူငယ်လူရွယ်တို့ ရတနာသုံးပါး၏ ကျေးဇူးကို သိရှိကိုးကွယ်လာရသောကြောင့် ဆိုးကျိုးထက် ကောင်းကျိုးများမှု့ကြောင့် ထိုသို့ အားပေးထောက်ခံခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
တစ်ခါ မြင်းခြံမြို့မှာပင် ထူးကြီးဆရာတော်ကြီးနှင့် ဖူးတွေ့ရစဉ်ကဦးဇဋိလ အသံကောင်းတယ်ဆိုတာ အခုမှပဲ တွေ့ဖူးတော့တယ်။ ဘယ်နှစ်ဝါ ရှိပြီလဲဟု မေးသည်။
ကြာနီကန်ဆရာတော်ကတပည့်တော် ဆရာတော်နှင့် တွေ့ရတာ ဝမ်းမြောက်ပါတယ်။ အသံကောင်းတယ်ဆိုပေမဲ့ တပည့်တော် ဟောနေတာတွေက ဓမ္မကထိကထဲမှာ အောက်ဆုံး လှေကားထစ်ပါဘုရား။ တရားပွဲ မလာချင်တဲ့ ကလေးတွေ တရားပွဲ ရောက်လာအောင်၊ ဘယ်တုန်းကမှ တရားမနာတဲ့ စာမတတ်တဲ့ ဒကာ၊ ဒကာမတွေ တရားပွဲ ရောက်လာအောင် ဆွဲဆောင်ပြီး ယခုလို တပည့်တော် ဟောရတာပါဘုရား။ တပည့်တော်က အရှင်ဘုရားတို့လို ပါဠိတွေကို ကျက်လည်း မကျက်နိုင်၊ ဟောလည်း မဟောနိုင်ပါဘူး ဘုရားဟု မိမိကိုကိုယ် နှိမ့်ချစွာ လျှောက်သည်။
ထူးကြီးဆရာတော်ကဝမ်းမြောက်တယ် ဦးဇဋိလရေသာသနာကို ကိုယ်ပြုနိုင်တဲ့ဘက်က ပြုပါဗျာ။ ကျုပ်က ပါဠိတော်တွေ ကျက်ဟောနိုင်လို့ ဦးဇဋိလ မဟောနိုင်သလို ဦးဇဋိလလိုလည်း ကျုပ်က မဟောတတ်ဘူး။ သာဓု သာဓု သာဓုဟု သာဓုသုံးကြိမ်ခေါ်၍ ချီးကျူးတော်မူခဲ့သည်။
ပခုက္ကူမြို့တွင် အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသုနန္ဒအား ဖူးတွေ့ရစဉ်ကလည်း ဆရာတော်ကြီးကနိုင်ငံကျော် ဓမ္မကထိက ကြာနီကန်ဆရာတော်ဆိုတာ မောင်ပဉ္ဇင်းလားဟု မေးသည်။တပည့်တော် ကျော်တာက ဗရွတ်ရွှတ်တ ကျော်တာပါဘုရားဟု လျှောက်တင်သောအခါအေးအဲလို ကျော်စောမှု တစ်ခု ရဖို့ဆိုတာ မလွယ်ဘူး။ ဘယ်နည်းနဲ့ ကျော်ကျော် ကျော်တဲ့ ပုဂ္ဂိုလ်ဟာ တော်တာပဲ။ ကျမ်းဂန်နှံ့စပ်ပေမဲ့ မောင်ပဉ္ဇင်းလို ပရိသတ်နားလည်အောင် ရေရေလည်လည် ဟောနိုင်တဲ့ ပုဂ္ဂိုလ် ရှားပါတယ်။ စာနဲ့ပတ်သက်လို့ ရှိရင် ပခုက္ကူ ဦးနေမိန္ဒ ( ဒုတိယ တိပိဋကဆရာတော်) တို့ကို အကူညီတောင်း၊ မရလို့ရှိရင်လည်း အခုဟောနေတာ သင့်ပါတယ်ဟု ထောက်ခံမိန့်ကြားသည်။
#ဒေသန္တရ ဘာသန္တရ၊ ဂန္ထန္တရများနှင့်ပြည့်စုံတော်မူသော ရန်ကုန်မြို့၊ မြန်မာအာယုဗ္ဗေဒဆေးသိပ္ပံ၊ စေတီယင်္ဂဏ ဓမ္မာစရိယ (ဝဋံသကာ) ဘွဲ့ခံ အဌကထာပြန်အကျော် သိမ်ဖြူဆရာတော်ကြီးကလည်း ကြာနီကန်ဆရာတော်အား ဤသို့မိန့်ဖူးသည်။
ကြာနီကန်ဆရာတော်ကို အပြင်မှာ ဆုံတော့ မဆုံဖူးဘူး။ ဒါပေမဲ့ မနှစ်က ပဲခူး လိပ်ပြာကန်ဓမ္မာရုံ အလှူကြွရင်း ကြာနီကန်ဆရာတော်ရဲ့ တရားဖွင့်ထားလို့ နားထောင်ကြည့်တယ်။ ကြာနီကန်ဆရာတော်က အထက်တန်းသာသနာပြုခြင်းထက် အောက်တန်းက ကလေးသူငယ်များအား သာသနာပြုပေးခြင်းကို အလွန်အားပေးသော ပုဂ္ဂိုလ် ဖြစ်တယ်။
တနည်းအားဖြင့် အခြေခံကျကျ အုတ်မြစ်ကစပြီး သာသနာပြုတဲ့ ပုဂ္ဂိုလ် တစ်ပါးပါပဲ။ တို့လို အကြားအမြင် များပြီးသား ပုဂ္ဂိုလ်များနဲ့တော့ အံမဝင်ဘူး၊ ကလေးသူငယ်များနဲ့တော့ လွန်စွာ အံဝင်တာပေါ့။ ဒီကလေးတွေကို မုန့်ကျွေးပြီး သာသနာပြုရတယ် မဟုတ်လား။ သူကတော့ မုန့်မကျွေးဘူး၊ နှုတ်နဲ့ကျွေးပြီး သာသနာပြုတယ်လို့ ဆိုရမှာပေါ့။ ငါ အဲဒီလိုပဲ မှတ်ချက်ချမိတယ်ဟူ၍ ဖြစ်သည်။ မန္တလေး အနောက်ပြင် အဘယာရာမ ကျောင်းတိုက် သကျသီဟ ဓမ္မာစရိယ ဦးသီလာနန္ဒကလည်းကြာနီကန်ဆရာတော်ဟာ တစ်ဘာသာ ထွင်ပြီး ဟောနိုင်တာ ဂုဏ်ယူပါတယ်ဟု မိန့်ကြားခဲ့ဖူးသည်။
ထူးဆန်းသောအဖြစ်အပျက်တစ်ခု
ကြာနီကန်ရွာ ကျောင်းတိုက်တွင် ကြာနီကန်ဆရာတော်၏ မယ်တော်ကြီး အဘွားဒွန်း (၇၈)နှစ်သည် ဆရာတော်စီစဉ်ပေးထားသည့် သူနေထိုင်ရာ ဇရပ်ဆောင်အတွင်း၌ ဘုရားရှိခိုး၊ မေတ္တာပို့ပြီး ဘာဝနာပွားနေစဉ် သားတော်မောင်ဦးဇဋိလ၏ ဂျစ်ကားဝင်လာသံ ကြားလိုက်ရသည်။ ထို့နောက် မိမိကို ယခင်လို လာရောက် နှုတ်မဆက်ဘဲ သီတင်းသုံးရာ အဆောင်သို့ တန်းကြွသွားသံလည်း ကြားလိုက်ရသည်။ အဘွားဒွန်းလည်း ထကြည့်မနေတော့ဘဲ စိတ်မှန်းဖြင့်သာ ရှိခိုးပြီး အိပ်လိုက်တော့သည်။
ထိုည ( ၁၄..၇၈ ) နံနက် အရုဏ်မကျင်းမီအချိန်တွင် ကြာနီကန်ဆရာတော် ဦးဇဋိလကိုယ်တိုင် အသံချဲ့စက်ဖြင့်ကျေးရွာရှိ သူတော်ကောင်းအပေါင်းတို့၊ အချိန်မီ နံနက်စောစော ကျောင်းတိုက်သို့ လာရောက်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ အထူးတိုင်ပင်စရာလည်း ရှိပါသည်။ မလာမဖြစ် လာဖြစ်အောင် လာခဲ့ကြပါရန် နှိုးဆော်အပ်ပါသည်ဟု ကြည်လင်ပြတ်သားစွာ ဖိတ်ခေါ်လိုက်သည်။ ထိုအသံကို ရွာသူရွာသားများ ကြားရသောအခါ ဘာများ အရေးတကြီး ဖြစ်ပါလိမ့် ဟု တွေးကာ ချက်ချင်း ရောက်လာကြသည်။ ရောက်လာကြသော်လည်း ကျောင်းတော်ကြီးမှာ တိတ်ဆိတ်လျက်ရှိနေ၍ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ တော်တော်ကြာ ထိုင်စောင့်နေကြသော်လည်း ကျောင်းတံခါးတွေ ပွင့်မလာသေးပေ။ မစောင့်နိုင်သည့် အဆုံးကျမှ ကျောင်းတံခါးထုပြီး ဖွင့်ခိုင်းရသည်။ ဦးပဉ္ဇင်းများ နိုးလာပြီး တံခါးဖွင့်လိုက်သောအခါ လူအုပ်ကြီးကို မြင်ပြီး အံ့အားသင့်သွားသည်။
ဒကာကြီးတို့ ဘာဖြစ်လို့လဲ” “ဟင်တပည့်တော်တို့က မေးရမှာ ဘုရား၊ ဆရာတော် ပြန်ရောက်ပြီဆို၊ ဘယ်မှာလဲ။ အသံချဲ့စက်နဲ့ ရွာသားတွေ ခေါ်တာရော ဘာထူးလို့လဲဦးပဉ္ဇင်းများ ဘာဖြေလို့ ဘာပြောရမှန်း မသိဖြစ်သွားသည်။ လူအုပ်ကြီးက တဖြည်းဖြည်း ပိုများလာပြီး မျက်လုံးများက ဆရာတော်ကို လိုက်ရှာကြည့်နေကြသည်။ သို့သော် ဆရာတော်၏ အရိပ်အယောင်မျှ မတွေ့ရ။
ထိုစဉ် မယ်တော်ကြီး အဘွားဒွန်းက လူအုပ်ကြီးကို တွေ့ပြီးအောင်မယ်ဒီနေ့ ဥပုသ်နေ့ကိုး။ တို့ဖြင့် ရက်တောင် မေ့နေလိုက်တာ မပြောချင်ပါဘူးဟု ဆိုလိုက်သည်။ ဆရာတော်၏ အစ်မလတ် စိတ္တဇဝေဒနာသည် ဒေါ်လှဖွေးကလည်းဒီနေ့ ကျောင်းထဲ ပွဲရှိတဲ့ အတိုင်းပဲ စည်ကားလှပါလားဟု ဆိုပြန်သည်။ ဆရာတော်ရဲ့ညီ ကိုစိုးရှင်က လူသံများကြောင့် နိုးလာပြီးဘာဖြစ်ကြတာတုံးဗျ။ ဆူဆူပူပူနဲ့ ဘုန်းကြီးပျံပွဲ အငြိမ့်ခံနေတာ ကျလို့ဗျာဟု ဆိုလည်းဆို ဘုန်းကြီးဦးဝဏ္ဏ၏ ဈာပနတုန်းက မဗေဒါအငြိမ့် ဧယဉ်ကျူးခွေအား အသံချဲ့စက်မှ ဖွင့်ချလိုက်သည်။ ဥက္ကဌကြီး ဦးကြီးငွေ ဆူမှ ပြန်ပိတ်သွားသည်။
လူအုပ်ကြီးက အဘွားဒွန်းထံသွား၍မနေ့ညက ဆရာတော် ပြန်ကြွလာပြီဆိုဆိုပြီး မေးကြသည်။ကျုပ် ဘယ်သိမလဲ၊ မောင်တို့ ဆရာတော်ကို မေးကြည့်ပေါ့။ ညက ကားနဲ့ ပြန်လာပြီပဲဟာ၊ ခုထိ ကျိန်းနေတုန်းလား။ ဒကာ ဒကာမတွေ စုံလို့ နာရီ၊ ၉နာရီလောက်တောင်ရှိနေပြီ၊ နှိုးလျှောက်ကြည့်ပါလား။ ဒီအပတ် ဘာစိတ်တိုင်း မကျ ဖြစ်လာတယ် မသိပါဘူး။ ကားဝင်လာသံ ကြားပြီး သူ့ကျောင်းဆီ တိုက်ရိုက် ဝင်သွားသံ ကြားလိုက်ရတယ်။ ကျုပ်လည်း ထမကြည့်ဘဲ စိတ်ထဲက မှန်း ကန်တော့လိုက်ပါတယ်။ အနန္တငါးပါး လက်ကိုင်ထားဟောတဲ့ တော်တို့ရဲ့ နိုင်ငံကျော် ကိုယ်တော်ကြီးကလည်း စိမ်းကားတတ်လာပြီဟု ဆိုသဖြင့် လူအုပ်ကြီးမှာ ပို၍ အံ့အားသင့်သွားသည်။ ဆရာတော် သီးသန့် သီတင်းသုံးရာ ကျောင်းဆောင် သွားကြည့်တော့လည်း အပြင်က သော့ခတ်ထားသည်။ တစ်ခုခု ထူးခြားနေပြီမှန်း သိလာကြသည်။
ထိုအချိန်တွင် ကားတစ်စီး ကျောင်းထဲသို့ ဝင်လာသည်။ ကားပေါ်တွင် ဆရာတော်၏ တပည့်ရင်းများ ဖြစ်ကြသည့် ကိုဦးခင်နှင့် ကိုလှရွှေတို့ပါလာသည်။ မျက်စိမျက်နှာ မကောင်းကြဘဲ မယ်တော်ကြီးကို မြင်ရသောအခါ ချုံးပွဲချ ငိုကြတော့သည်။ ပြီးတော့ဆရာတော် မနေ့ညနေက ချောက်အထွက် ထနောင်းသုံးခွ အရောက် ကားမှောက်ပြီး ပျံလွန်တော်မူသွားပြီဗျ။ ချောက်ဆေးရုံမှာ ခွဲစိတ်ပြုပြင်ပြီး ကားနဲ့ တပါတည်းယူလာတယ်ဟု ပြောလိုက်လျှင် ကြားရသူလူအုပ်ကြီးမှာ ငိုကျွေးကြလေ၏။ ဆရာတော်ညီ ကိုစိုးရှင်မှာ ရင်ဘတ်စည်တီး၍ အဆိုးဆုံးဖြစ်သည်။ အဘွားဒွန်းကား သားပဉ္ဇင်း၏ ဟောတရားကို အပြည့်အဝ ရထား၍ ထင်သည် လုံးဝ မငိုပေ။
သို့နှင့် ကြာနီကန်ဆရာတော်၏ ဈာပနသတင်းသည် ကြေးမှုံသတင်းစာတွင်ပါလာရာ တစ်ပြည်လုံး သိရှိသွားကြပြီး ရဟန်းရှင်လူအပေါင်း လွန်စွာဝမ်းနည်း နှမျောတသကြလေသည်။ ဆရာတော်အား မကြိုက်နှစ်သက်သူများပင် အဆိုအငို မဟောတော့ခါမှ ပျံလွန်တော်မူရလေခြင်းဆိုပြီး ရဟန်းရှင်လူ အားလုံးက ဝမ်းနည်းကြေကွဲမိကြလေသည်။
သို့နှင့် နိုင်ငံကျော် ဓမ္မကထိက ကြာနီကန်ဆရာတော် ၄၆ နှစ်၏ ရုပ်ကလာပ်တော်အား ၁၃၄၀ ပြည့်နှစ်၊ ဝါဆိုလဆန်း ရက်နေ့၊ ညနေ နာရီအချိန်တွင် သုံးရက်တိုင်တိုင် နှစ်သောင်းခုနှစ်ထောင် အကုန်ကျခံကာ အခမ်းအနားကျင်းပ၍ လူတစ်သောင်းကျော်တို့ လိုက်ပါပို့ဆောင်ကာ ဆရာတော်ဦးဝဏ္ဏ သြင်္ဂုဟ်ရာ ကျောက်ကလာပ်မှာပင် ဆရာတော်ကိုယ်တိုင် မပျောက်စေနဲ့ မှာထားခဲ့သော ထင်းများဖြင့် မီးသြင်္ဂုဟ်ခဲ့လေသည်။ အရိုးအိုးကိုကား ရွှေလောင်းတောင်ပေါ်တွင် တင်ထားလေသည်။
လုပ်ကြံသတင်းများထွက်ပေါ်လာ
ဆရာတော်၏ ဈာပန စီစဉ်နေဆဲကာလတွင် ကားပေါ်မှ အတူပါလာသူများက လုပ်ကြံလို့ ပျံလွန်တော်မူကြောင်း သတင်းများထွက်ပေါ်လာသည်။ ဆရာတော်သည် တရားပွဲတစ်ညလျှင် အလှူငွေ ထောင်ချည်ရသလို ဘဏ်တွင်လည်း နှစ်သိန်းကျော်အပ်ထားကြောင်း သိရသည်။ အတူလိုက်ပါလာသူများက ငွေမက်၍ ဆရာတော် ကျင်ငယ်စွန့်နေခိုက် ကားစက်နှိုးတံဖြင့် ရိုက်သတ်ပြီးနောက် ကားဖြင့် ဆရာတော်အပေါ် တက်ကြိတ်ကာ ကားမှောက်လေဟန် ဖန်တီးကြကြောင်း။ ဘယ်လိုပင် ပိရိစွာ လုပ်ဆောင်ကြသော်လည်း မျက်မြင်သက်သေ နွားကြောင်းသားတစ်ဦးက ဖော်ထုတ်၍ အမှုတစ်ခုလုံး ပေါ်လာကြောင်း။ လုပ်ကြံသူများက နွားကြောင်းသားလေးကို နှုတ်ပိတ်ခ ငွေတစ်ထောင်ပေးခဲ့ကြောင်း။ စသည်စသည်ဖြင့် သတင်းများ ပေါ်ထွက်လာသည်။
ထိုသတင်းများကို စုံစမ်းရန်အတွက် သရက်မြို့နယ်သတင်းထောက် ကိုမောင်မောင်ဇော်သည် ချောက်မြို့သို့ သွား၍ ဓာတ်ပုံမှတ်တမ်း ရိုက်ကူးပေးသော ချောက်မြို့ မျိုးမြန်မာဓာတ်ပုံတိုက်မှ ဦးသက်၊ ဆရာတော်အား ခွဲစိတ်စစ်ဆေးရသော ချောက်မြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများ။ ဆရာတော်အမှုကို စစ်ဆေးရသော ချောက်မြို့ အမှတ် ()ရဲစခန်းမှ စခန်းမှူးကြီး ဦးကျင်စမ်းတို့ကို တွေ့ဆုံ မေးမြန်းခွင့်ရခဲ့သည်။ စခန်းမှူး ဦးကျင်စမ်းက သူ၏ စစ်ဆေးတွေ့ရှိချက်များကို ဓာတ်ပုံ(၁၂) ပုံဖြင့် ဤသို့ရှင်းပြပေးသည်။
ဆရာတော်၏ ဂျစ်ကားသည် လမ်းကောင်းသဖြင့် တစ်နာရီ ၃၀မှ ၃၅ မိုင်နှုန်းဖြင့် မောင်းနှင်လာခဲ့သည်။ ထနောင်းကွေ့သို့ ရောက်သောအခါ ကွေ့မည်အပြုတွင် ရော့တံပြုတ်ပြီး ယာဘက်သို့ အရှိန်ပြင်းပြင်းနှင့် ဆွဲဆင်းသွားသည်။ ကားဆင်းသွားသော ဘီးရာများ အထင်းသား ပေါ်သွားသည်။ ထိုသို့ ဆင်းသွားသော်လည်း မြေပြင်မှာ ညီညာနေ၍ ရှေ့မှ ချုံနွယ်များဖြင့် တိုက်မိပြီး ရပ်တန့် သွားရန်သာရှိသည်။ သို့သော် ကံဆိုးချင်တော့ အရှိန်နှင့် ပြေးလာသော ဂျစ်ကားသည် ရေမြောင်းကို ခေါင်းစိုက်ပြီး ကျွမ်းပြန်လျက် တိမ်းမှောက်သွားတော့သည်။
ကားမှောက်ပြီး ၁၀ မိနစ်ခန့်တွင် ခရီးသည်တင် ကားတစ်စီးရောက်လာပြီး ကားပေါ်တွင် ပါလာသော မကွေးတပ်မတော် ထောက်လှမ်းရေးမှ တပ်ကြပ်ကြီး ချစ်လှိုင်က ဦးဆောင်၍ ဆရာတော်နှင့် ဒဏ်ရာရသူများကို ချောက်မြို့ ဆေးရုံသို့ ပို့ဆောင်ပေးလေသည်။ သို့သော် ဆရာတော်သည် ဦးခေါင်းထိခိုက်မိ၍ နှာခေါင်း သွေးထွက်ပြီး ဦးနှောက်အတွင်း သွေးထွက်သည့်ဒဏ်။ နံရိုးငါးချောင်း ကျိုးသည့်ဒဏ်။ တံတောင်ဆစ် အရိုးကျိုးသည့်ဒဏ်။ ယာဘက်ပေါင် ကျိုးသည့်ဒဏ်တို့ကို ပြင်းပြင်းထန်ထန် ရရှိခဲ့တာကြောင့် လမ်းမှာပင် ပျံလွန်တော်မူခဲ့လေတော့သည်။
ဆေးရုံပေါ်ရောက်သောအခါ ဆရာတော်ရုပ်ကလာပ် ပြန်လည်သယ်ယူရန် ဆရာတော်မှာ
ငွေတစ်ပြားမှ မပါတော့ပေ။ ထို့ကြောင့် ဆေးရုံဝန်ထမ်းများနှင့် လူနာများက စုပေါင်းလှူဒါန်းကြ၍ ၂၅၀ ကျပ်ရရှိခဲ့သည်။ ထိုငွေဖြင့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ရွာသို့ ပြန်လည် ပင့်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။စခန်းမှူးကြီးက ဤသို့ ဓာတ်ပုံမှတ်တမ်းထဲမှ ကားဘီးရာများနှင့်တကွ စေ့စေ့စပ်စပ် ရှင်းပြသည်။ ရိုက်ကူးထားသော ဓာတ်ပုံများကို ကြည့်၍ လုပ်ကြံခြင်း ဟုတ်မဟုတ် သဲလွန်စရှာ  သိနိုင်ကြောင်း ယခုအမှုမှာ လုပ်ကြံခြင်း မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုသွားသည်။ ဤသို့ဖြင့် လုပ်ကြံသတင်းများလည်း ငြိမ်သက်သွားလေတော့၏။
ကားမှောက်၍ မသေဟု ယုံကြည်သော ကြာနီကန်ဆရာတော်သည်လည်းချစ်တော့ချစ်တယ်၊ ဒါပေမဲ့….” တရားကို နောက်ဆုံး ဟောကြားပြီး ငါးကြိမ်မြောက် ကားအမှောက်တွင်တော့ ခန္ဓာဇာတ်သိမ်းလို့ သေပွဲဝင်ခဲ့ရပါတော့သည်။ သဗ္ဗေ သတ္တာ ကမ္မသကာ။
အရှင်တေဇပုလဲ
ကျမ်းကိုး
ကြာနီကန်ထေရုပ္ပတ္တိနှင့်ဖြစ်ရပ်များ
ဦးကျော်ညွန့် (မြန်မာ့အလင်းအယ်ဒီတာ)ပြုစုသည်။
CRD သုတဇုံ

No comments:

Post a Comment